International: ဆမ်ဆောင်းအကြီးအကဲကို အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းမည်

သမ္မတထံမှ အကူအညီရရန် သမ္မတရဲ့သူငယ်ချင်း ဦးဆောင်တဲ့ ဖောင်ဒေးရှင်းတွေကို ဆမ်ဆောင်းက ငွေကြေးလှူဒါန်းခဲ့ကြောင်း စွပ်စွဲထားပါတယ်။

play
ဆမ်ဆောင်း ဒုတိယဥက္ကဋ္ဌ လီဂျေယောင်း


အီလက်ထရောနစ်ကုမ္ပဏီ ဆမ်ဆောင်းရဲ့ အမွေဆက်ခံသူနဲ့ အကြီးအကဲ လီဂျေယောင်းကို တောင်ကိုရီးယားမှာ ပေါ်ပေါက်ခဲ့တဲ့ အကျင့်ပျက်ခြစားမှု နိုင်ငံရေးအရှုပ်အထွေးမှာ သံသယရှိသူအဖြစ် စုံစမ်းစစ်ဆေးရေးမှူးတွေက မေးမြန်းသွားမယ်လို့ သိရပါတယ်။

အကျင့်ပျက်ခြစားမှုနဲ့ပတ်သက်ပြီး စစ်ဆေးခံရမယ့် ဆမ်ဆောင်းအကြီးအကဲ


ဆမ်ဆောင်း (Samsung) က တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးရဲ့ သူငယ်ချင်း ချိုဆွန်ဆေးလ် ဦးဆောင်လုပ်ကိုင်နေတဲ့ ဖောင်ဒေးရှင်များထံ ငွေကြေးလှူဒါန်းမှုများပြုလုပ်ကာ ဆမ်ဆောင်းအုပ်စုအောက်မှ ကုမ္ပဏီနှစ်ခု ပေါင်းစည်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အကူအညီရရှိရန် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

play
လီဂျေယောင်း၏ဖခင် ဆမ်ဆောင်း ဥက္ကဋ္ဌ လီကွန်ဟီး


ဆမ်ဆောင်းအကြီးအကဲ လီဂျေယောင်း (Lee Jae-yong) ကို စုံစမ်းစစ်ဆေးရေးမှူးတွေက ဇန်နဝါရီ ၁၂ ရက်မှာ မေးမြန်းမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ယခုကိစ္စနဲ့ပတ်သက်ပြီး ဆမ်ဆောင်း တာဝန်ရှိသူတွေက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ပါတယ်။ လီဂျေယောင်းဟာ ဆမ်ဆောင်အုပ်စုရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပြီး ၂၀၁၄ ခုနှစ်မှာ ၎င်းရဲဖခင် လီကွန်ဟီး နှလုံးရောဂါ ခံစားခဲ့ရပြီးနောက် ဆမ်ဆောင်အုပ်စုရဲ့ လုပ်ငန်းများအားလုံးကို လီဂျေယောင်းက ဦးဆောင်ခဲ့ပါတယ်။

play
တောင်ကိုရီးယးသမ္မတ ပတ်ဂွန်ဟေး


ဆမ်ဆောင်းအုပ်စုဟာ ၎င်းရဲ့ ဆောက်လုပ်ရေးကုမ္ပဏီ Samsung C&T နဲ့ မိတ်ဖက်ကုမ္ပဏီ Cheil Industries တို့ ပေါင်းစည်းမှုနဲ့ ပတ်သက်ပြီး သမ္မတထံမှ အကူအညီရရန် သမ္မတရဲ့သူငယ်ချင်း ဦးဆောင်တဲ့ ဖောင်ဒေးရှင်းတွေကို ဆမ်ဆောင်းက ငွေကြေးလှူဒါန်းခဲ့ကြောင်း စွပ်စွဲထားပါတယ်။

play
ချိုဆွန်ဆေးလ်ကို တရားရုံးခွင်တွင် တွေ့ရစဉ်


စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ အဆိုအရ ဆမ်ဆောင်းက သမ္မတပတ်ဂွန်ဟေးရဲ့သူငယ်ချင်း ချိုဆွန်ဆေးလ်နဲ့ သမီးဖြစ်သူတို့ ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတစ်ခုကို အမေရိကန်ဒေါ်လာ ၃.၁ သန်း ထောက်ပံ့ခဲ့ပြီး အပြန်အလှန်အားဖြင့် သမ္မတထံမှ အကူအညီရယူခဲ့ကြောင်း သိရပါတယ်။

play
ဆမ်ဆောင်း ဒစ်ဂျစ်တယ်စီးတီး


ဆမ်ဆောင်းအကြီးအကဲ လီဂျေယောင်းဟာ တောင်ကိုရီးယားမှာ ပေါ်ပေါက်နေတဲ့ အကျင့်ပျက်ခြစားမှု အရှုပ်အထွေးနဲ့ပတ်သက်ပြီး လွှတ်တော်မှာ အခြား လုပ်ငန်းရှင်အချို့နဲ့အတူ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း မေးမြန်ခံခဲ့ရပါတယ်။

ထိုစဉ်က ဆမ်ဆောင်းဟာ ဖောင်ဒေးရှင်းနှစ်ခုကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၇.၄၆ သန်း ပေးအပ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပြီး သမ္မတထံမှ အကူအညီရယူလိုတာကြောင့် မဟုတ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

play
တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေး နုတ်ထွက်ရန် ဆန္ဒပြမှု


ယခုအခါ လီဂျေယောင်းကို အကျင့်ပျက်ခြစားမှု အရှုပ်အထွေးမှာ ပါဝင်ပတ်သက်ကြောင်း သံသယရှိမှုဖြင့် စုံစမ်းစစ်ဆေးရေးမှူးတွေက ပထမဆုံးအကြိမ် မေးမြန်းသွားမှာ ဖြစ်ပါတယ်။ တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးဟာ သူငယ်ချင်းဖြစ်သူ ချိုဆွန်ဆေးလ်ကို နိုင်ငံရေးမှာ စွက်ဖက်ခွင့်ပြုခဲ့ရာက အကျင့်ပျက်ခြစားမှု အရှုပ်အထွေး ပေါ်ပေါက်ခဲ့ပါတယ်။

ပတ်ဂွန်ဟေးကို သမ္မတရာထူးမှ ချက်ချင်းနုတ်ထွက်ရန် အပတ်စဉ် ဆန္ဒပြမှုများ ၁၁ ပတ်ဆက်တိုက် ပြုလုပ်ခဲ့ကြပြီး တောင်ကိုရီးယားလွှတ်တော်ကလည်း စွဲချက်တင်ရန် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်မှာ မဲခွဲဆုံးဖြတ်ထားပါတယ်။

လွှတ်တော်ဆုံးဖြတ်ချက်ကို အခြေခံဥပဒေခုံရုံးက ရက် ၁၈၀ အတွင်း စစ်ဆေးဆုံးဖြတ်ရမှာဖြစ်ပြီး ခုံရုံးက အတည်ပြုဆုံးဖြတ်ခဲ့ပါက ပတ်ဂွန်ဟေးမှာ သမ္မတရာထူးမှ နုတ်ထွက်ရမှာ ဖြစ်ပါတယ်။

လီဂျေယောင်းရဲ့ အချက်အလက်အချို့

  • ဆမ်ဆောင်းတည်ထောင်သူ လီဗြောင်ချူးလ်ရဲ့မြေး၊ လက်ရှိဥက္ကဋ္ဌ လီကွန်ဟီးရဲ့သား ဖြစ်ပါတယ်။
  • လီကွန်ဟီးရဲ့ တစ်ဦးတည်းသောနဲ့ အကြီးဆုံးသားလည်းဖြစ်ပြီး ညီမသုံးယောက်ရှိပါတယ်။
  • အသက် ၄၈ နှစ်အရွယ်ဖြစ်ပြီး ဆမ်ဆောင်း ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပါတယ်။
  • Forbes မဂ္ဂဇင်းရဲ့ ၂၀၁၆ ခုနှစ် စာရင်းအရ ချမ်းသာကြွယ်မှု အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံ ပိုင်ဆိုင်ပါတယ်။
  • ၂၀၁၅ ခုနှစ် စာရင်းများအရ တောင်ကိုရီးယားမှာ တတိယမြောက် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။
  • Seoul National University, Keio University နဲ့ Harvard Business School တို့မှာ ပညာသင်ကြားခဲ့ပါတယ်။
  • ကိုရီးယား၊ ဂျပန်နဲ့ အင်္ဂလိပ်စကား ပြောဆိုနိုင်သူ ဖြစ်ပါတယ်။
  • ၁၉၉၇ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ကွာရှင်းခဲ့ကာ သားတစ်ဦးနဲ့ သမီးတစ်ဦး ပိုင်ဆိုင်ခဲ့ပါတယ်။
  • ယမန်နှစ်က ဆမ်ဆောင်းအီလက်ထရောနစ်ရဲ့ ဘုတ်အဖွဲ့ဝင်အဖြစ် အမည်တင်သွင်းခံရပြီး အောက်တိုဘာ ၂၇ ရက်မှာ အတည်ပြုခန့်အပ်ခဲ့ပါတယ်။
  • အသက် ၇၄ နှစ်အရွယ် ဖခင်ဖြစ်သူ အနားယူသွားပါက ဆမ်ဆောင်းကို အလုံးစုံထိန်းချုပ် ဦးဆောင်သွားမှာ ဖြစ်ပါတယ်။
  • ဝေဖန်သူအချို့က ဆမ်ဆောင်းဘုတ်အဖွဲ့မှာ ခန့်အပ်ခံရခြင်းဟာ ၎င်းရဲ့ အတွေ့အကြုံကြောင့် မဟုတ်ဘဲ ကုမ္ပဏီဥက္ကဋ္ဌရဲ့သားဖြစ်မှုကြောင့်လို့ ဆိုပါတယ်။

Source & Photo: Business Insider, BBC, Reuters, Forbes, WSJ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ