ကမ္ဘာစစ်နှစ်ခုနဲ့ အီတလီအစိုးရအဖွဲ့ ၉၀ ကျော်ကို တွေ့ကြုံဖြတ်သန်းခဲ့ဖူးသူ ဖြစ်ခဲ့ပါတယ်။



အီတလီနိုင်ငံမှာ နေထိုင်တဲ့ ကမ္ဘာ့အသက်အရှည်ဆုံးလူသား ကွယ်လွန်သွားပြီလို့ သိရပါတယ်။ ကမ္ဘာ့အသက်အကြီးဆုံးဖြစ်တဲ့ အဘွားအို အမ်မာမိုရာနိုဟာ သူမရဲ့ အသက် ၁၁၇ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူမဟာ မကွယ်လွန်မီက ၁၈၀၀ ပြည့်လွန်နှစ်များအတွင်း မွေးဖွားခဲ့ပြီး အသက်ရှင်နေဆဲ တစ်ဦးတည်းသော လူသားတစ်ဦးအဖြစ် တရားဝင် မှတ်တမ်းဝင်ခဲ့ပါတယ်။ အဘွားအို မိုရာနိုဟာ ၁၈၉၉ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က အီတလီနိုင်ငံ Piedmont ဒေသမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။



သူမရဲ့ အသက်ရှည်မှုဟာ မျိုးရိုးဗီဇကြောင့် ဖြစ်တယ်လို့ မိုရာနိုက မှတ်ယူထားပါတယ်။ မိုရာနိုဟာ နေ့စဉ် ကြက်ဥ ၃ လုံး စားလေ့ရှိပြီး ၂ လုံးကို အစိမ်းသောက်လေ့ရှိကြောင်း သိရပါတယ်။ မိုရာနိုဟာ မွေးချင်း ၈ ဦးအနက် အကြီးဆုံးဖြစ်ပြီး အသက်အရှည်ဆုံးလည်း ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့အသက်အရှည်ဆုံးအဖြစ် ကမ္ဘာ့မှတ်တမ်းဝင်ထားတဲ့ မိုရာနိုဟာ ယမန်နေ့ (ဧပြီ ၁၅ ရက်) က အီတလီနိုင်ငံမြောက်ပိုင်း ဗာဘေနီးယားမြို့မှာ ကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။

မိုရာနိုဟာ ရာစုနှစ် ၃ ခုကျော်ကို ရှင်သန်ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ ယောက်ျားဖြစ်သူရဲ့ နှိပ်စက်ညှဉ်းပန်းတဲ့ အိမ်ထောင်ရေးကိုလည်း ရင်ဆိုင်ကျော်လွားခဲ့ရပြီး သူမရဲ့ တစ်ဦးတည်းသောသားကိုလည်း မိုရာနို ဆုံးရှုံးခဲ့ရပါတယ်။ သူမက ကမ္ဘာစစ်နှစ်ခုနဲ့ အီတလီအစိုးရအဖွဲ့ ၉၀ ကျော်ကို တွေ့ကြုံဖြတ်သန်းခဲ့ဖူးသူ ဖြစ်ခဲ့ပါတယ်။ အဘွားအို မိုရာနိုက သူမ အသက်ရှည်ခြင်းဟာ မျိုးရိုဗီဇာကြောင့်လို့ ဖွင့်ဟပြောကြားခဲ့ဖူးပြီး သူမရဲ့မိခင်ဟာ အသက် ၉၁ နှစ်အရွယ်ထိ နေထိုင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

အသက် ၁၁၇ နှစ်ပြည့် မွေးနေ့ပွဲ ပြုလုပ်ခဲ့စဉ်က မိုရာနို



ထို့အတူ သူမရဲ့ ညီအစ်မတွေဟာလည်း အသက်ရာပြည့်အထိ နေနိုင်ခဲ့ကြကြောင်း မိုရာနိုက ဆိုပါတယ်။ ကမ္ဘာ့အသက်အရှည်ဆုံး မိုရာနိုရဲ့ ပုံမှန်ထက်ထူးခြားတဲ့ အစားအစာမှာ တစ်နေ့လျှင် ကြက်ဥ ၃ လုံး (၂ လုံးကို အစိမ်းသောက်) ကို နှစ်ပေါင်း ၉၀ ကျော်ကြာ စားခဲ့တာပဲ ဖြစ်ပါတယ်။ အဘွားအို မိုရာနိုဟာ ပထမကမ္ဘာစစ်ပြီးစမှာ သွေးအားနည်းရောဂါ ဖြစ်နေကြောင်း ဆရာဝန်က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ မကွယ်လွန်မီ လတ်တလောက် ကာလများမှာ မိုရာနိုက တစ်နေ့လျှင် ကြက်ဥ ၂ လုံးနဲ့ ဘီစကစ်မုန့် အနည်ငယ် စားခဲ့တယ်လို့ ဆိုပါတယ်။



သူမကို နှစ်ပေါင်း ၂၇ နှစ်ကြာ ကျန်းမာရေး စောင့်ရှောက်ကုသခဲ့တဲ့ ဆရာဝန်က မိုရာနိုဟာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတို့ကို ရံဖန်ရံခါမျှသာ စားလေ့ရှိတယ်လို့ ပြောပါတယ်။ "သူမကို ကျွန်တော် စတွေ့ကတည်းက နေ့တိုင်း ကြက်ဥ ၃ လုံး စားတယ်၊ ၂ လုံးကို မနက်ပိုင်းမှာ အစိမ်းသောက်တယ်၊ တစ်လုံးကို မွန်းလွဲပိုင်းမှာ မွှေကြော်ကြော်စားတယ်၊ ညစာကို ကြက်သားနဲ့စားလေ့ရှိတယ်" အဆိုပါ ဆရာဝန်က ဆိုပါတယ်။

မိုရာနိုက သူမ အသက်ရှည်ခြင်းဟာ ခင်ပွန်းဖြစ်သူနဲ့ ၁၉၃၈ ခုနှစ်မှာ လမ်းခွဲပြီး သီးခြားစီနေခဲ့တဲ့ သူမရဲ့ ဆုံးဖြတ်ကြောင့်လို့လည်း ဆိုခဲ့ဖူးပါတယ်။ မိုရာနိုက သူမရဲ့သားဖြစ်သူ အသက် ၆ လအရွယ်မှာ ကွယ်လွန်သွားခဲ့ပြီးနောက် တစ်နှစ်အကြာမှာ ခင်ပွန်းနဲ့ ကွာရှင်းလိုက်တာ ဖြစ်ပါတယ်။ အိမ်ထောင်ပြုတာ ကျန်းမာရေးနဲ့ မညီညွတ်စေဘူးလို့လည်း အဘွားအို မိုရာနိုက မှတ်ချက်ပြုခဲ့ဖူးပါတယ်။



ဘဝမှာ ချစ်ဦးသူအဖြစ် ပထမကမ္ဘာစစ်အတွင်း သေဆုံးခဲ့တဲ့ အမျိုးသားတစ်ဦးကို ချစ်ခဲ့ဖူးပြီး ထိုနောက်ပိုင်းမှာတော့ မည်သူ့ကိုမျှ စိတ်ဝင်စားခြင်း မရှိတော့ဘူးလို့ သူမရဲ့အချစ်ရေးကိုလည်း မိုရာနိုက ရင်ဖွင့်ခဲ့ဖူးပါတယ်။ ပထမကမ္ဘာစစ်အပြီးမှာတော့ မိုရာနိုဟာ လက်ထပ်ခွင့်တောင်းမှုကို လက်မခံရင် အသတ်ခံရမယ်လို့ သူမကို ခြိမ်းခြောက်ခဲ့သူနဲ့ လက်ထပ်ခဲ့ရပါတယ်။

ခြိမ်းခြောက်မှုကြောင့် လက်ထပ်ခဲ့ရပြီးနောက် သားလေးတစ်ဦး မွေးဖွားခဲ့ပြီး အသက် ၆ လအရွယ်မှာ သားဖြစ်သူက ကွယ်လွန်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ခင်ပွန်းဖြစ်သူရဲ့ အနိုင်ကျင့်နှိပ်စက်မှုကို သည်းမခံနိုင်တော့တဲ့ မိုရာနိုက ၁၉၃၈ ခုနှစ်မှာ ခင်ပွန်းဖြစ်သူနဲ့ လမ်းခွဲခဲ့ပါတယ်။

မိုရာနို ကွယ်လွန်ပြီးနောက် ကမ္ဘာ့အသက်အရှည်ဆုံးလူသား ဖြစ်လာတဲ့ ဗိုင်အိုလက်ဘရောင်း



လမ်းခွဲခဲ့ပြီး သီးခြားနေခဲ့ကြပေမဲ့ ၎င်းတို့နှစ်ဦးဟာ တရားဝင် ကွာရှင်းခဲ့ခြင်းမပြုဘဲ မိုရာနိုရဲ့ခင်ပွန်းက ၁၉၇၈ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ အဘွားအို မိုရာနိုဟာ အသက် ၇၅ နှစ်အရွယ်ထိ အလုပ်လုပ်ကိုင်ခဲ့ပြီး နောက်ထပ် အိမ်ထောင်ပြုခြင်း မရှိခဲ့ပါဘူး။ "တစ်ယောက်ယောက်က ကျွန်မကို လွှမ်းမိုးခံရတာ မဖြစ်ချင်ဘူး" လို့ မိုရာနိုက New York Times သတင်းဌာနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ဖူးပါတယ်။

၁၈၉၉ ခုနှစ်မှာ မွေးဖွားခဲ့သူ ကမ္ဘာ့အသက်အရှည်ဆုံး မိုရာနို ကွယ်လွန်သွားပြီးနောက် ယခုအခါ ၁၉၉၀ ပြည့်နှစ် မတ်လ ၁၀ ရက်မှာ မွေးဖွားခဲ့သူ ဂျမေကာနိုင်ငံမှ ဗိုင်အိုလက်ဘရောင်းက ကမ္ဘာ့အသက်အရှည်ဆုံး လူသားဖြစ်လာကြောင်း အမေရိကန်အခြေစိုက် Gerontology Research Group (GRG) က ပြောပါတယ်။

Source & Photo: AFP, BBC, Daily Mail

Share

Loading Next Article...
က္က