မိဘတွေက လူပျောက်တိုင်ကြားထားခဲ့ကြပါတယ်။


သြစတြေးလျနိုင်ငံ အနှံ့အပြားကို ကားမောင်းသွားရန် ကြိုးပမ်းခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦးကို ရဲတပ်ဖွဲ့က တားမြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ ၁၂ နှစ်သားဟာ ၎င်းရဲ့ခရီးစဉ် မိုင် ၈၀၀ ကို ကားမောင်နှင်လာခဲ့ပြီးနောက် ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီး တားမြစ်ထိန်းသိမ်းခဲ့ကြောင်း သိရပါတယ်။

ခရီးရှည် ကားမောင်းနှင်လာခဲ့တဲ့ ၁၂ နှစ်သားကို New South Wales ရှိ Broken Hill ဒေသအရောက် စနေနေ့ (ဧပြီ ၂၂ ရက်) မှာ ရဲတပ်ဖွဲ့က သတိပြုမိခဲ့ပြီး တားမြစ်ထိန်းသိမ်းခဲ့တာ  ဖြစ်ပါတယ်။

မော်တော်ကားရဲ့ဘမ်ပါ ပြုတ်ကျပြီး မြေပြင်မှာတရွတ်တိုက်ဆွဲနေတာကို ရဲတပ်ဖွဲ့ ကင်းလှည့်ယာဉ်တစ်ဦးက သတိပြုခဲ့ရာမှ ၁၂ နှစ်သားက ကားမောင်းလာမှုကို သိရှိခဲ့ကြတာလို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ပြောကြားမှုအရ အဆိုပါ ၁၂ နှစ်သားဟာ မိုင်ပေါင်း ၂,၄၈၅ မိုင် ကွာဝေးတဲ့ New South Wales ရှိ Kendall မြို့မှ သြစတြေးလျအနောက်ပိုင်း Perth မြို့သို့ ခရီးရှည်မောင်းနှင်ရန် ကြိုးပမ်းခဲ့တာလို့ သိရပါတယ်။



ရဲတပ်ဖွဲ့က ၎င်းကိုဖမ်းဆီးပြီး Broken Hill ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ အဆိုပါ ၁၂ နှစ်သားရဲ့ မိဘတွေက ၎င်းပျောက်ဆုံးနေကြောင်း တိုင်ကြားထားခဲ့ပြီး တနင်္ဂနွေနေ့ (ဧပြီ ၂၃ ရက်) မှာ အိမ်သို့ပြန်ခေါ်သွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ  ၁၂ နှစ်သားဟာ မိုင် ၈၀၀ ခရီးကို တစ်ယောက်တည်း ကားမောင်းလာခဲ့ပေမဲ့ ရုပ်ရည်သွင်ပြင်မှာ ၎င်းရဲ့အသက်ထက် ပိုကြီးနေပုံပေါက်ပြီး ၁၉ နှစ် သို့မဟုတ် ၂၀ နှစ်အရွယ် ဖြစ်နေတာကြောင့် လမ်းခရီးတစ်လျှောက် ကလေးတစ်ဦးအဖြစ် သံသယမဖြစ်ခဲ့ကြကြောင်း Cobar မြို့ရှိ ဓာတ်ဆီဆိုင်မန်နေဂျာက ပြောပါတယ်။

ရဲတပ်ဖွဲ့က ထုတ်ပြန်မှုအရ အဆိုပါ ၁၂ နှစ်သားဟာ အရပ်အမြင့် ၆ ပေနီးပါးရှိကြောင်းလည်း သိရပါတယ်။ ၎င်းက မိသားစုပိုင်ကားကို ယူဆောင်မောင်းနှင်သွားခဲ့ပြီး မိဘတွေက လူပျောက်တိုင်ကြားထားကာ လိုက်လံရှာဖွေနေခဲ့ကြတယ်လို့ ဆိုပါတယ်။

မိုင် ၈၀၀ ခရီးကို တစ်ယောက်တည်း ကားမောင်းသွားခဲ့တဲ့ ၁၂ နှစ်သားဟာ လူငယ် ပြစ်မှုကျူးလွန်သူများဆိုင်ရာ ဥပဒေအရ စွဲချက်တင်ခံရဖွယ်ရှိကြောင်း New South Wales ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Kendall ကနေ Broken Hill လမ်းခရီးဟာ ဖြောင့်တန်းတဲ့ လမ်းမများဖြစ်ပြီး အဓိက စိုက်ပျိုးမြေဧရိယာကို ဖြတ်သန်းသွားရတာ ဖြစ်ပါတယ်။ Kandall မြို့မှ Perth မြို့အထိ ခရီးကို မရပ်နားဘဲ ကားမောင်းနှင်သွားပါက နာရီ ၄၀ ခန့် ကြာမြင့်ကြောင်း သိရပါတယ်။

Source & Photo: BBC

Share

Loading Next Article...
က္က