Local News: ပယောဂဆရာရဲ့ ရိုက်နှက်ကုသမှုကြောင့် ကလေးငယ် ၃ ဦး သေဆုံး

အငယ်ဆုံးကလေးမှာ ၈ လအရွယ်သာ ရှိပါသေးတယ်။

play

 

တွံ့တေးမြို့နယ်၊ ၂၀ မိုင်ကုန်းကျေးရွာတွင် ကလေးငယ်များကို သရဲဝင်ပူးတယ်လို့ဆိုပြီး ပယောဂဆရာက ရိုက်နှက်ကုသတာကြောင့် ၃ ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အသက်၃၀ အရွယ် ကိုထွန်းထွန်းနိုင်ဆိုသူမှာ ရွာကို အလည်လာစဉ် ရွာမှာ မကောင်းဆိုးရွားရှိတယ်ဆိုကာ ကလေးတွေကို ရိုက်နှက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

''စလုပ်တာ ဗုဒ္ဓဟူးနေ့ည ၁၂ နာရီမှာလုပ်တာ။ ၂ နာရီမှာ တစ်ယောက်သေသွားတယ်။ နောက်တစ်နေ့မှာ ၂ ယောက်ထပ်သေတယ်။ မိဘတွေကလည်း ဆေးမိထားတဲ့ပုံစံမျိုး သားသမီးကို လုပ်နေတာတောင် ကြောင်ပြီးကြည့်နေကြတာ'' ဟု တွံ့တေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ဆိုပါတယ်။

''သူကပယောဂဆရာလိုလို ဗေဒင်ဆရာလိုလိုပဲ။ အဲဒီရွာကို အလည်လိုက်လာတာ။ ပြီးတော့ ရွာမှာ မကောင်းဆိုးဝါးတွေရှိတယ်၊ ထုတ်ပေးမယ်။ မထုတ်ရင်အားလုံးသေကုန်မယ်ပြောပြီး ကလေးရော လူကြီးရောအယောက်၂၀ လောက် ကိုကြိုးဝိုင်းထဲထားပြီး ကလေးတွေကို အရင်လုပ်တာ'' ဟု ၎င်းက ပြောပါတယ်။

သရဲပူးနေတယ်ဆိုပြီး ၈ လသားအရွယ် မိန်းကလေးတစ်ဦးနှင့် ၂ နှစ်အရွယ် မိန်းကလေးတို့အား ခြေထောက်ဖြင့် ကန်ကျောက်ကုသခြင်း၊ ၃ နှစ်အရွယ်ယောက်ျားလေးကိုလည်း ရိုက်နှက်ကုသသောကြောင့် ကလေး ငယ်များသေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

''ပယောဂဝင်တယ်ဆိုပြီး လုပ်တာ ကလေးလေးယောက်၊ သုံးယောက်ကတော့ သေသွားတယ်။ နောက်တစ်နှစ်အရွယ်တစ်ယောက်က ရန်ကုန်ဆေးရုံမှာ သေလားရှင်လားမသိသေးဘူး''ဟု ၎င်းက ဆိုပါတယ်။

Source : 7 day daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ