Local News: ပင်လယ်ပြင်ရေလုပ်သား သုံးထောင်ကျော် ပြန်မရောက်သေးတာကြောင့် ဒေသခံတွေ စိုးရိမ်နေ

လုပ်ငန်းရှင် အများစုက မှတ်တမ်းမှတ်ရာနဲ့ အလုပ်ခန့်ထားတာမျိုးမရှိတာကြောင့် အန္တရာယ်တစ်ခုခုဖြစ်ရင် ပျောက်ဆုံးပျက်စီးတဲ့ အရေအတွက်ကို တိကျတဲ့အဖြေ မရနိုင်ဘူး။

play

 

မုန်တိုင်းအန္တရာယ်ရှိကြောင်း ကြိုတင်ကြေညာထားပေမဲ့ ပင်လယ်ပြင်ဝါးဖောင်တွေပေါ်မှာ လုပ်ကိုင်နေတဲ့ ရေလုပ်သားသုံးထောင်ကျော်ဟာ အောက်တိုဘာ ၂၃ ရက်ညအထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးတာကြောင့် ဒေသခံတွေစိုးရိမ်နေတယ်လို့ သိရပါတယ်။

ပင်လယ်ပြင်ရေလုပ်သားအများဆုံးထွက်ရာ ဖျာပုံမြို့နယ် အမာမြို့နေ ဒေသခံတွေဟာ  စိုးရိမ်မှုတွေ ဖြစ်ပေါ်နေတာဖြစ်ပြီး ကြေညာထားတဲ့အတိုင်း လှိုင်းအမြင့်က ဆယ်ပေဆိုရင် ၀ါးဖောင်တွေက ခံနိုင်ရည်မရှိဘူးလို့ ဒေသခံတစ်ဦးက ပြောကြားထားပါတယ်။

  ပင်လယ်ပြင်ထွက် အလုပ်လုပ်နေသူတွေ ခိုလှုံရာ ကဒုံစုရပ်ကိုပြန်လာဖို့နဲ့ အောက်တိုဘာ ၂၃ ရက်က ၂၅ ရက်အတွင်း ပင်လယ်ပြင်နဲ့ မြစ်ကြောင်းမှာ သွားလာရေးတွေ မလုပ်ဖို့ ညွှန်ကြားထားတယ်လို့  အမာမြို့ အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက ပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။ 

ရေလုပ်သားတွေဟာ အမာမြို့ကနေ  စက်လှေနဲ့ တစ်ရက်ကြာသွားရတဲ့ ပင်လယ် ပြင်မှာ  အလုပ်လုပ်ကိုင်နေရသူတွေဖြစ်ပြီး  မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ လာရောက်လုပ်ကိုင်နေသူတွေများကာ လုပ်ငန်းရှင် အများစုက မှတ်တမ်းမှတ်ရာနဲ့ အလုပ်ခန့်ထားတာမျိုးမရှိတာကြောင့် အန္တရာယ်တစ်ခုခုဖြစ်ရင် ပျောက်ဆုံးပျက်စီးတဲ့ အရေအတွက်ကို တိကျတဲ့အဖြေ မရနိုင်ဘူးလို့  အမာမြို့ဒေသခံတစ်ဦးကလည်း ပြောကြားထားပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ