Local News: မောင်တောတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူတစ်ဦး သေဆုံးမှုကို စစ်ဆေး

အချုပ်ခန်းဝအနီး တပ်ဖွဲ့ဝင်တစ်ဦးထံမှ လက်နက်လုယူခဲ့တာကြောင့် ထိန်းသိမ်းခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

play

 

မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး  ဖမ်းဆီးထားသူတစ်ဦး သေဆုံးခဲ့မှုကို  ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ်  စစ်ဆေးနေတယ်လို့ သိရပါတယ်။

ထိုကဲ့သို့စစ်ဆေးနေကြောင်း အောက်တိုဘာ ၂၆ ရက်က ပြန်ကြားရေးဝန်ကြီးဌာနကနေတစ်ဆင့် အစိုးရက ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ကြိမ်ချောင်းနယ်မြေရဲစခန်းမှာ စစ်ဆေးခံနေရတဲ့ ခေါ်ရီ မူလာဆိုသူ သေဆုံးခဲ့တာဖြစ်ပါတယ်။

ခမရ (၃၅၂) မှ ဗိုလ်စောသိန်းနဲ့ စစ်ဘက်ရေးရာလုံခြုံရေး တပ်ဖွဲ့စု (ကြိမ်ချောင်းတာဝန်ခံ) တပ်ကြပ်ကြီး အောင်မင်းတို့က ထုတ်ယူစစ်ဆေးခဲ့ပြီး အောက်တိုဘာ ၁၇ ရက်က အချုပ်အတွင်း ပြန်လည်ပို့ဆောင်စဉ်မှာ ခေါ်ရီမူလာက အချုပ်ခန်းဝအနီး တပ်ဖွဲ့ဝင်တစ်ဦးထံမှ လက်နက်လုယူခဲ့တာကြောင့် ထိန်းသိမ်းခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာပါဝင်ကြောင်း သိရပါတယ်။  ခေါ်ရီမူလာဟာ သတိမေ့မြောသွားတာကြောင့် မောင်တောပြည်သူ့ဆေးရုံကို မော်တော်ယာဉ်နဲ့ပို့ဆောင်စဉ်မှာ လောင်းဒုံကျေးရွာအနီး သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခေါ်ရီမူလာသေဆုံးမှုနဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် သေမှုသေခင်းဖွင့် စစ်ဆေးနေကာ သားသုံးဦးနဲ့ ညီဖြစ်သူတို့ကိုလည်း  စစ်ဆေးနေတယ်လို့ သိရပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ