Local News: ကျီးမနိုးပွဲညအတွက် ရန်ကုန်မှာလုံခြုံရေးတိုးမြှင့်မယ်

play

 

တန်ဆောင်မုန်း လပြည့်ကျော် ၁ ရက်နေ့ (နိုဝင်ဘာလ ၁၅ ရက်) ညသန်းခေါင်အချိန်မှာ ကျရောက်မယ့် ကျီးမနိုးပွဲ သူခိုးကြီးညမှာ မူးရူးခိုက်ရန်ဖြစ်ပွားတာတွေနဲ့ နေအိမ်နဲ့ ဈေးဆိုင်တွေ ဖောက်ထွင်းခိုးယူခံရတာတွေ မဖြစ်အောင် ရန်ကုန်မြို့လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် သူခိုးကြီးညတွေမှာ မသမာသူအချို့က နေအိမ်တွေနဲ့ ဈေးဆိုင်တွေကို ဖောက်ထွင်းခိုးယူမှုတွေ ဖြစ်ပွားခဲ့လို့ ဒီနှစ်မှာ မြို့နယ်အနှံ့ရှိ ရပ်ကွက်တွေက တာဝန်ရှိသူတွေနဲ့  ရဲတပ်ဖွဲ့ ပူးပေါင်းပြီး လှည့်ကင်း၊ ဝပ်ကင်းတွေ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

သူခိုးကြီးညကို သူခိုးတွေက အခွင့်ကောင်းယူပြီး ဒီလိုညမှာ ဖောက်ထွင်းခိုးယူမှုတွေ ကျူးလွန်တာတွေ မဖြစ်စေဖို့နဲ့  အုပ်စုဖွဲ့ အရက်သေစာ သောက်စားတာကနေ ခိုက်ရန်ဖြစ်ပွားမှုတွေ မဖြစ်စေဖို့အပါအ၀င် ဒေသခံလူငယ်တွေက မိမိတို့ ရပ်ကွက်ထဲက နေအိမ်နဲ့ ဈေးဆိုင်တွေက အဖိုးသိပ်မတန်တဲ့ ပစ္စည်းတွေကို ယူဆောင်ပြီး လမ်းပေါ်ပိတ်ဆို့ စွန့်ပစ်ထားခဲ့တာတွေ မပြုလုပ်မိစေဖို့ လှည့်ကင်းအဖွဲ့တွေက စောင့်ကြည့်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

Source : The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ