Local News: ခွင့်ပြုချက်မရှိဘဲ ဘုရားပြင်ဆင်ခွင့်ပေးခဲ့တဲ့ ထီးလိုမင်းလို ဘုရားဂေါပကအဖွဲ့ကို အရေးယူမယ်

ပရဟိတအဖွဲ့တစ်ဖွဲ့ကို ပြုပြင်ခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

play

 

သြဂုတ်လ ၂၆ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ပုဂံမြို့က ထီးလိုမင်းလိုဘုရားကို ခွင့်ပြုချက်မရှိဘဲ ပရဟိတအဖွဲ့တစ်ဖွဲ့ကို ပြုပြင်ခွင့်ပေးလိုက်တဲ့  ထီးလိုမင်းလိုဘုရားဂေါပကအဖွဲ့ကို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူး(စီမံ) ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

‘‘အရေးယူဖို့အတွက် မြေပြင်မှာ ဥပဒေအကြံပေးတွေတော့ လွှတ်ထားပါပြီ။ ဘောင်ကျော်ပြီး လုပ်တဲ့အတွက် ကျွန်တော်တို့ ဘက်က အရေးယူတာပါ။ ငလျင်လှုပ်ပြီးကတည်းက ဘယ်သူမှ ဘာမှလုပ်လို့မရပါဘူး။ ယူနက်စကိုနဲ့ ပြည်တွင်း၊ ပြည်ပပညာရှင်တွေနဲ့ ကျွန်တော်တို့ဆီက ပညာရှင်တွေနဲ့ အားလုံးနည်းလမ်းတွေ ရှာကြံပြီးမှ ပြင်ပါ့မယ်လို့ ဂေါပက တွေကို အသိပေးပြီးသား ဖြစ်ပါတယ်’’လို့ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

play

 

ထီးလိုမင်းလိုဘုရားအပါအဝင် ပထမနဲ့ ဒုတိယဦးစားပေး စေတီပုထိုး ၈၉ ဆူကို မည်သည့် အဖွဲ့အစည်းကိုမှ ပြုပြင်ခွင့်ပေးမှာမဟုတ်ဘဲ ဌာနကပဲ ပြုပြင်မယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါထီးလိုမင်းလိုဘုရားမှာ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်၊ ဇနီး ဒေါ်ခင်ခင်ဝင်းတို့ နာမည်တွေပါဝင်တဲ့ ဗီနိုင်းတွေကို တပ်ဆင်ထားလို့ နိုဝင်ဘာ ၁၅ ရက်မှာ ထီးလိုမင်းလိုဘုရားဂေါပကအဖွဲ့ကို မေးမြန်းပြီး ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်တာတွေမလုပ်ဖို့နဲ့ ပြည်သူလူထု အထင်လွဲမှားစေမယ့် ကိစ္စတွေကိုမလုပ်ဖို့ ဂေါပကအဖွဲ့ကို သတိပေးပြီး ဗီနိုင်းကို ဖယ်ရှားခဲ့တယ်လို့ သာ သနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Source : 7DayDaily

Photos : Ministry of Religious Affairs and Culture

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ