Local News: ရန်ကုန်တိုင်းထဲမှာ ဆိုင်ကယ်စီးနင်းခွင့် မပြုနိုင်သေးဘူးလို့ ပို့ဆောင်ရေးဒုဝန်ကြီးပြော

ယာဉ်မတော်တဆ ထိခိုက်မှုအန္တရာယ်တွေ ဖြစ်ပွားနိုင်လို့ ခွင့်မပြုနိုင်ဘူးလို့ ဆိုပါတယ်။

play

 

ယာဉ်မတော်တဆ ထိခိုက်မှုအန္တရာယ်တွေ ဖြစ်ပွားနိုင်လို့ ရန်ကုန်တိုင်းဒေသကြီးထဲမှာ ဆိုင်ကယ်စီးနင်းတာတွေကို ခွင့်ပြုပေးဖို့ အစီအစဉ်မရှိသေးဘူးလို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပြောလိုက်ပါတယ်။

နိုဝင်ဘာ ၁၇ ရက်က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရွှေပြည်သာလွှတ်တော်အမတ် ဦးဉာဏ်လင်းက ရွှေပြည်သာ၊ လှိုင်သာယာတို့လို မြို့သစ်တွေနဲ့  ယာဉ်ကြောပိတ်ဆို့မှုမရှိတဲ့ မြို့နယ်တွေမှာ ဆိုင်ကယ်စီးနင်းခွင့်ပြုဖို့နဲ့ သက်ဆိုင်ရာ မြို့နယ်အလိုက် ဆိုင်ကယ်စီးနင်းခွင့်လိုင်စင်တွေ ပြုလုပ်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းတာကို ဒုဝန်ကြီးက အခုလိုပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

play

 

ဒုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဖြေကြားချက်ကို ကိုးကားပြီး ဆိုင်ကယ်စီးနင်းမှုတွေကြောင့် ပြည်သူတွေ ဘေးအန္တရာယ် ဖြစ်စေနိုင်လို့ လတ်တလော အခြေအနေအရ ဆိုင်ကယ်စီးနင်းတာကို ခွင့်မပြုနိုင်သေးကြောင်းနဲ့ လိုင်စင်ထုတ်ပေးတာတွေ မရှိသေးဘူးလို့ ဖြေဆိုခဲ့ပါတယ်။

ရန်ကုန်မြို့မှာ ကား၊ ဆိုင်ကယ် အစီးရေများပြားလာတာနဲ့အတူ ယာဉ်တွေ စည်းကမ်းတကျမောင်းနှင်တာမရှိဘဲ ပြိုင်မောင်းတာတွေကြောင့် ယာဉ်အန္တရာယ်များပြားလာတာကြောင့် ၁၉၉၉ ခုနှစ် ဧပြီ ၁ ရက်ကစပြီး ဆိုင်ကယ်တွေကို ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း မှတ်ပုံတင်ခွင့်ပေးတာ ရပ်ဆိုင်းခဲ့တာပါ။

Source : 7DayDaily

Photos : GNLM

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ