Local News: တိုက်ပွဲတွေကြောင့် တစ်ရက်ကုန်သွယ်မှု ကန်ဒေါ်လာ ကိုးသန်းခန့် နစ်နာဆုံးရှုံးနေ

ကုန်သွယ်ရေးလုပ်ငန်းတွေ လေးရက်မြောက်နေ့အထိ ပြန်လည်စတင်နိုင်ခြင်း မရှိသေးပါဘူး။

play
တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ကုန်တင်ကားများကိုတွေ့ရစဉ်။

 

မူဆယ်မြို့နဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်ထားရလို့  မြန်မာနိုင်ငံကနေ ပို့ကုန်တန်ဖိုးတစ်ရက်ကို အမေရိကန်ဒေါ်လာ ၈ ဒသမ ၈ သန်းကျော်နစ်နာနေရတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောပါတယ်။

မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ကုန်သွယ်မှုပမာဏက ဒီနှစ်ပထမခုနစ်လအတွင်းမှာ အမေရိကန် ဒေါ်လာသုံးဘီလီယံကျော်ရှိပြီး မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးစုစုပေါင်း ၈၀ ရာခိုင်နှုန်းကျော်ကို ကုန်သွယ်မှုပြုလုပ်နေပေမဲ့ နိုဝင်ဘာ ၂၀ ရက်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေးလုပ်ငန်းတွေ လေးရက်မြောက်နေ့အထိ ပြန်လည်စတင်နိုင်ခြင်းမရှိသေးပါဘူး။

play

 

‘‘ဒီရက်ပိုင်းမှာ အသီးကားတွေကတော့ မျှော်လင့်ချက်မရှိသလောက်ပဲ။ အချိန်တိုအတွင်းမှာ သူကပျက်စီးတော့ ဘယ်လောက် ဆုံးရှုံးမယ်ဆိုတာကိုပဲ ပူနေရတယ်’’လို့ မူဆယ်မြို့မှ သစ်သီးကုန်သည်တစ်ဦးက ပြောပါတယ်။

မူဆယ်-မန္တလေး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ နေ့စဉ်ကုန်တင်ယာဉ်အစီးရေ အတက်အဆင်း ၄,၀၀၀ ခန့်ရှိခဲ့ပေမဲ့ တိုက်ပွဲကာလအတွင်း ကုန်စည်ပို့ ဆောင်ရေးယာဉ်ငှားဖို့ ခက်ခဲနေတယ်လို့ ဘုရင့်နောင်မှ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။

မူဆယ်မြို့မှာ အလုပ်သမားတစ်ဦးရဲ့ တစ်ရက်ဝင်ငွေက ကျပ် ၁၀,၀၀၀ ကနေ ၁၅,၀၀၀ ကြားရရှိနေပြီး လက်ရှိတိုက်ပွဲတွေကြောင့် ကုန်သွယ်မှု ရပ်နားနေချိန်မှာ စားဝတ်နေရေးအတွက် ကုန်သည်တွေ၊ ဂိုဒေါင်ပိုင်ရှင်တွေက လုပ်အားခတွေ ကြိုတင်ထုတ်ပေးပြီး ဖြေရှင်းနေရတယ်လို့ မူဆယ်မြို့မှ ကုန်သည်အချို့က ပြောပါတယ်။

Source : 7DayDaily

Photos : MOI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ