Local News: မာန်အောင်မှာ ထူးဆန်းအံ့သြဖွယ် ကလေးမွေးဖွား

ကလေးမိဘတွေမှာ လိုအပ်တဲ့ ဆေးဝါးကုသမှုစရိတ် မတတ်နိုင်သူတွေ ဖြစ်တာကြောင့် မာန်အောင်မှ လူမှုရေးအဖွဲ့တွေက ငွေကြေးကောက်ခံစုဆောင်းပြီး ရန်ကုန်သို့ လွှဲပြောင်းပို့ဆောင်ရန်အတွက် ကူညီစီစဉ်နေပါတယ်။

play


ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ ကိုယ်ခန္ဓာတစ်ခုလုံး ဖယောင်းသဏ္ဍန် အဖြူထည်အရေပြားများ ဖုံးအုပ်ပါရှိကာ အသားအရေများ ကွဲအက်နေပြီး အသက်ရှင်လျက် ကလေးတစ်ဦး မွေးဖွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကလေးငယ်ကို မာန်အောင်ပြည်သူ့ဆေးရုံမှာ ဒီဇင်ဘာ ၁ ရက် နေ့လယ် ၁၂ နာရီအချိန် ခွဲစိတ်မွေးဖွားခဲ့တာဖြစ်ပြီး ထူးဆန်းအံ့သြစရာ ဖြစ်နေမှုကြောင့် ဆေးရုံသို့ လာရောက်ကြည့်ရှုသူတွေ များပြားခဲ့ပါတယ်။

play


ထူးဆန်းအံ့သြဖွယ်ရာ မွေးဖွးလာတဲ့ ကလေးငယ်မှာ ယောက်ျားလေးဖြစ်ပြီး သားဖွားမီးယပ်ဆရာဝန်ရဲ့ ပြောကြားမှုအရ ကိုယ်ဝန်ဆောင်စဉ် အစားအသောက်နဲ့ ကျန်းမာရေးကြောင့် ဖြစ်နိုင်သလို မျိုးရိုးလိုက်မှုလည်း ဖြစ်နိုင်ကြောင်း သိရပါတယ်။

အဆိုပါ ကလေးငယ်ကို ပုံမှန်အတိုင်း ဖြစ်စေရန် ရောဂါလက္ခဏာများ ရှာဖွေကုသဖို့အတွက် မာန်အောင်ပြည်သူ့ဆေးရုံကြီးက ညွှန်ကြားထားပြီး မာန်အောင်လူမှုကွန်ရက်နဲ့ လူမှုရေးအဖွဲ့အစည်းတွေက ငွေကြေးကောက်ခံစုဆောင်းကာ ရန်ကုန်သို့ လွှဲပြောင်းပို့ဆောင်နိုင်ရေး စီစဉ်နေကြောင်း သိရပါတယ်။

ကလေးမိဘတွေမှာ လိုအပ်တဲ့ ဆေးဝါးကုသမှုစရိတ် မတတ်နိုင်သူတွေ ဖြစ်တာကြောင့် ငွေကြေးကောက်ခံစုဆောင်းပြီး ရန်ကုန်သို့ လွှဲပြောင်းပို့ဆောင်ရန်အတွက် ကူညီစီစဉ်နေကြောင်း မာန်အောင်လူမှုကွန်ရက်ဥက္ကဋ္ဌ ဦးကျော်မိုးနိုင်က ပြောကြားကြောင်း မြစ်မခသတင်းအေဂျင်စီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ထူးဆန်းအံ့သြဖွယ် ကိုယ်ခန္ဓာဖြင့် မွေးဖွားလာတဲ့ ကလေးငယ်ကို လာရောက်ကြည့်ရှုသူ များပြားတာကြောင့် မိဘတွေက ဝှက်ထားကြတယ်လို့လည်း ဆိုပါတယ်။ ကလေးရဲ့ မိဘများမှာ ရမ်းဗြဲမြို့နယ် ကြပ်ခိုးကျေးရွာမှ ကိုသိန်းရွှေနဲ့ မခင်ဝင်းကြည်တို့ဖြစ်ပြီး ကလေးဟာ ၎င်းတို့ရဲ့ သားဦးဖြစ်ကြောင်းလည်း သိရပါတယ်။
Source & Photo: မြစ်မခသတင်းအေဂျင်စီ/အာရကန်ကိုကို (မြစ်မခ)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ