Local News: လာမယ့်နှစ်မှာ အိမ်ထောင်ပြုမယ့် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်

ဩစတြေးလျနိုင်ငံက မြန်မာအမျိုးသမီးဆရာဝန်တစ်ဦးနဲ့ အိမ်ထောင်ပြုမှာပါ။

play

 

အသက် (၅၄)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်က လာမယ့် ၂၀၁၇ ဇန်နဝါရီလဆန်းမှာ လူပျိုကြီးဘ၀ကို စွန့်လွှတ်ပြီး အိမ်ထောင်ပြုတော့မယ်လို့ ဆိုပါတယ်။

ဩစတြေးလျနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့  မြန်မာအမျိုးသမီးဆရာဝန်တစ်ဦးနဲ့ ရွှေလက်တွဲ အိမ်ထောင်ပြုမှာဖြစ်ပြီး ဇန်နဝါရီမှာ မင်္ဂလာဦးဆွမ်းကျွေးမင်္ဂလာကျင်းပကာ မင်္ဂလာဧည့်ခံပွဲကို ရန်ကုန်မြို့မှာ ကျင်းပမယ်လို့ ဆဲဗင်းဒေးသတင်းစာက ခိုင်လုံတဲ့အရင်းအမြစ်ကို ကိုးကားပြီး ဒီနေ့ထုတ်သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

ကာယကံရှင် ကိုမင်းကိုနိုင်ကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး အတည်ပြုပြောတာမရှိပေမဲ့ အမှန်တကယ်ဖြစ်လာမယ်ဆိုရင် ကောင်းတယ်လို့ ဆဲဗင်းဒေးရဲ့ မေးမြန်းချက်ကို ရယ်ရယ်မောမောနဲ့ ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

ကိုမင်းကိုနိုင် အိမ်ထောင်ပြုမယ်ဆိုတဲ့ သတင်းကို စာပေအသိုင်းအ၀ိုင်းက မိတ်ဆွေတွေဖြစ်တဲ့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်၊ စာရေးဆရာမောင်သာချိုစတဲ့ ပုဂ္ဂိုလ်တွေက မုဒိတာစကားတွေ ပြောကြားခဲ့ကြပါတယ်။

ကိုမင်းကိုနိုင်ကို ၁၉၆၂ အောက်တိုဘာ ၁၈ ရက်တွင် မွန် ပြည်နယ် မုဒုံမြို့နယ်မှာ မွေးဖွားခဲ့ပြီး ရန်ကုန်ဝိဇ္ဇာ/ သိပ္ပံတက္ကသိုလ် တတိယနှစ်၊ ရုက္ခဗေဒဘာသာရပ်တက်ရောက်နေတုန်း ၁၉၈၈ အရေးတော်ပုံကာလမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ပြီးရင် အထင်ရှားဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့ပါတယ်။

၁၉၈၉ အောက်တိုဘာမှာ ဖမ်းဆီးခံရပြီး အင်းစိန်ထောင်နဲ့ စစ်တွေထောင်တို့မှာ ၁၆ နှစ်တိုင်တိုင် အကျဉ်းကျခံခဲ့ရကာ ၂၀၀၄ နှောင်းပိုင်းမှာ ပြန်လည်လွတ်မြောက်လာပါတယ်။  ၂၀၀၇ မှာတော့ လောင်စာဆီဈေးနှုန်းတွေတက်လို့ အစိုးရကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့လို့ ထပ်မံဖမ်းဆီးခံခဲ့ရပြီး ၂၀၁၂ နှစ်ဆန်းပိုင်းမှာ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ