Local News: ပုသိမ်မှာ ရေမြောင်းတူးရင်း လက်ပစ်ဗုံးတစ်လုံးနဲ့ ကျည်ဆံငါးရာကျော်တွေ့

တာဝတိံသာလမ်းထဲက နေအိမ်ခြံဝင်းတစ်ခုထဲမှာ တွေ့ခဲ့ရတာပါ။

ဧရာဝတီတိုင်း ပုသိမ်မြို့ တာဝတိံသာလမ်းထဲက နေအိမ်ခြံဝင်းတစ်ခုထဲမှာ ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းက ရေမြောင်းတူးတာကနေ စနက်တံမဖြုတ်ရသေးတဲ့ လက်ပစ်ဗုံးတစ်လုံးနဲ့ ကျည်မျိုးစုံ ၅၆၄ တောင့် တွေ့ရှိခဲ့တယ်လို့ ပုသိမ်မြို့မရဲ စခန်းကနေ သိရပါတယ်။

တွေ့ရှိရတဲ့ ကျည်ဆန်တွေထဲမှာ ပွိုင့် ၃၀ အမျိုးအစား ကျည်ဆန် ၃၀၄ တောင့်၊ ကိုးမမ ပစ္စတိုကျည်ဆန် ၂၆၀ တို့ တွေ့ရှိခဲ့ပြီး စနက်တံမဖြုတ်ရသေးတဲ့ လက်ပစ်ဗုံးတစ်လုံးကိုတွေ့ရှိခဲ့ကာ ဒီပစ္စည်းတွေက ပေါက်ကွဲစေနိုင်ပေမဲ့ ပြန်လည်အသုံးပြုလို့ မရတော့ဘူးလို့ ဆိုပါတယ်။

play

 

‘‘တပ်မတော်မှာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ဝန်းကျင်ကသုံးတဲ့ ပစ္စည်းတွေပါ။ ပြည်တွင်းဖြစ်ရော၊ နိုင်ငံခြားဖြစ်ရောပါတယ်။ ဒီနေရာမှာ ဘာကြောင့်တွေ့ရတာလဲဆိုတာတော့ ရာဇ၀င်တွေ လိုက် စစ်ဆေးကြည့်မှပဲသိမယ်’’လို့ လာရောက်စစ်ဆေးရာမှာ ပါဝင်ခဲ့တဲ့ တပ်မတော်အရာရှိတစ်ဦးက ပြောပါတယ်။

လက်နက်ခဲယမ်းတွေ တွေ့ရှိခဲ့ရတဲ့ အဆိုပါခြံဝင်းမှာ ယခင်ဧရာဝတီတိုင်း အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီရုံးမှ ဗိုလ်မှူးတင်ရှိန်ဆိုသူနေထိုင်ဖူးပြီး နောက်ပိုင်းမှာ ဦးမောင်မောင်ဆိုသူ က အဆိုပါခြံကို ပြန်လည်ဝယ်ယူခဲ့ကာ ဦးမောင်မောင်ထံကနေ လက်ရှိနေထိုင်သူ ဦးဇော်ထွန်းဦးက ၀ယ်ယူခဲ့တာဖြစ်တယ်လို့ ပုသိမ်မြို့မရဲစခန်းကနေ သိရပါတယ်။

Source & Photo : 7DayDaily

Video : 7DayTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ