Local News: မြန်မာတိုက်လေယာဉ်ကို ပစ်ချတယ်ဆိုတဲ့ သတင်းမဟုတ်ဘူးလို့ တရုတ်ငြင်းဆို

အဖြစ်မှန်မဟုတ်ဘူးလို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ငြင်းဆိုလိုက်တာပါ။

play
တိုက်ပွဲများဖြစ်ပွားခဲ့သည့် မုံးကိုးမြို့ကိုတွေ့ရစဉ်။

 

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ် မုံးကိုးဒေသမှာ မြန်မာစစ်လေယာဉ်တစင်းကို တရုတ်စစ်တပ်က ဒုံးကျည်နဲ့ ပစ်ချလိုက်တယ်ဆိုတဲ့ သတင်းတွေဟာ လုံးဝအဖြစ်မှန်မဟုတ်ဘူးလို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

မြန်မာပြည် မြောက်ပိုင်းနယ်စပ်ဒေသ မုံးကိုးမြို့နားမှာ မြန်မာလေတပ်ကတိုက်လေယာဉ်တစီးက တရုတ်တပ်မတော်ရဲ့ ဒုံးကျည်ထိမှန်ပြီး ပျက်ကျသွားတယ်လို့ သတင်းတွေထွက်နေပေမဲ့ ဒီသတင်းက စိတ်ကူးယဉ်သက်သက်ဖြစ်တယ်လို့ တရုတ်ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ ယန်ယူကျန်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး တရုတ်ပြည်သူ့နေ့စဉ်သတင်းက ဖော်ပြခဲ့ပါတယ်။

play

 

တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ကပ်နေတဲ့ မြန်မာပြည်နယ်စပ် မူဆယ်နဲ့ မုံးကိုးဒေသတွေမှာ ပြီးခဲ့တဲ့လကုန်ပိုင်းကတည်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာတပ်မတော်တို့ အကြား တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတာဖြစ်ပြီး လေကြောင်းကနေ စစ်လေယာဉ်တွေနဲ့ ရဟတ်ယာဉ် တွေလည်း အသုံးပြုခဲ့ရတာပါ။

တရုတ်ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ ယန်ယူကျန်က ဖြစ်လာနိုင်တဲ့ အရေးပေါ်အခြေအနေနဲ့ နိုင်ငံရဲ့အချုပ်အချာကို ကာကွယ်ဖို့၊ နယ်စပ်ဒေသက တရုတ်ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်တွေကိုကာကွယ်ဖို့ တရုတ်စစ်တပ်က မြန်မာနယ်စပ်အနား လုံခြုံရေးနဲ့ ကင်းလှည့်တပ်ဖွဲ့တွေ အင်အားဖြည့်တင်းထားတယ်လို့ ပြောထားပါတယ်။

Source : DVB

Photos : Myanmar Review Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ