Local News: စိတ်ဝေဒနာရှင် ဘုန်းကြီးကို ကလေးသူခိုးဆိုပြီး မှားယွင်းရိုက်နှက်

ကလေးငယ်တစ်ဦးကို သွားကိုင်မိရာမှ ကလေးသူခိုးဟုထင်ကာ ကျေးရွာနေသူတွေက ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြတာဖြစ်တယ်။

play

 

မွန်ပြည်နယ် အဘစ် ကျေးရွာမှာ ကလေးသူခိုးဆိုပြီး  ၀ိုင်းဝန်းရိုက်နှက်ဖမ်းဆီးခံခဲ့ရတဲ့ ဘုန်းကြီးဟာ စိတ်ရောဂါဝေဒနာရှင်ဖြစ်ပြီး ကလေးသူခိုးအစစ်မဟုတ်ဘူးလို့ ကမာဝက်ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

ကလေးသူခိုးလို့ ထင်မှတ်ကာ ရိုက်နှက်ခံရတဲ့ ဘုန်းကြီးဟာ သက်တော် (၅၀)ကျော်အရွယ်ရှိပြီး ကျိုက္ခမီလမ်းတစ်လျှောက် သွားလာနေသူဖြစ်ကာ ဒီဇင်ဘာ ၉ ရက်က အဘစ်ကျေးရွာရှိ ကလေးငယ်တစ်ဦးကို သွားကိုင်မိရာမှ ကျေးရွာနေသူတွေက ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ကလေးသူခိုးမိတယ်ဆိုပြီး ရပ်ရွာကလူတွေနဲ့ ပြည်သူ့စစ်တွေက ဖမ်းထားပြီး စခန်းကိုဖုန်းဆက်လို့ ရောက်သွားမှ စိတ်မနှံ့တဲ့ ကိုယ်တော် ကြီးဖြစ်နေတယ်လို့ ကမာဝက်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောထားကြောင်း သိရပါတယ်။ အဆိုပါဘုန်းကြီးဟာ အမြဲတမ်း လျှောက်သွားနေပြီး ကလေးသူခိုးလည်း မဟုတ်တဲ့အတွက် ပြန်လွှတ်ပေးလိုက်တယ်လို့လည်း အဆိုပါရဲအရာရှိက ပြောပါတယ်။

အဆိုပါဘုန်းကြီးဟာ စိတ်ရောဂါရှိတာကြောင့် မော်လမြိုင်မြို့မှ ဆရာတော်ကြီးတွေက သင်္ကန်းချွတ်ကာ လူဝတ်လဲပေးခဲ့ပေမဲ့ သူကိုယ်တိုင် သင်္ကန်းတွေရှာဝတ်ကာ  လျှောက်သွားနေသူဖြစ်တယ်လို့ ရဲအရာရှိက ပြောထားပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ