Local News: ရန်ကုန်တိုင်းထဲက အငှားယာဉ်တွေကို ဒီဇင်ဘာလထဲမှာ စာရင်းကောက်မယ်

ရန်ကုန်မြို့ထဲမှာ ပြေးဆွဲနေတဲ့ အငှားယာဉ်စာရင်း အတိအကျလိုချင်လို့ ကောက်ယူတာပါ။

play

 

ရန်ကုန်တိုင်းဒေသကြီးထဲမှာ ပြေးဆွဲနေတဲ့ အငှားယာဉ်တွေရဲ့စာရင်းကိုအတိအကျသိရှိနိုင်ဖို့ ဒီဇင်ဘာလတတိယပတ်ကစပြီး စာရင်းကောက်ယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကနေ သိရပါတယ်။

“ရန်ကုန်မြို့မှာ အငှားယာဉ်စာရင်းက အတိအကျ မရှိတဲ့အတွက် စာရင်းအတိအကျလိုချင်လို့ စာရင်းကောက်ယူတာပါ။ စာရင်း လာသွင်းဖို့ အငှားယာဉ်တွေကို အချိန်ကာလတစ်ခုပေးထားမှာပါ။ အငှားယာဉ်တွေရဲ့ လိုင်စင်က ရန်ကုန်လိုင်စင်လား၊ နယ်လိုင်စင်လား ဆိုတာကိုစစ်ဆေးပြီး ကုမ္ပဏီကတစ်ဆင့်တိုက်ရိုက်ကိုင်တွယ်မှာပါ” လို့  ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။

play

 

ရန်ကုန်မြို့ထဲက အငှားယာဉ်အားလုံးကို စာရင်းကောက်ယူပြီးရင် City Taxi အဖြစ်မှတ်ပုံတင်ပြီး ကုမ္ပဏီစနစ်နဲ့ ဆောင်ရွက်သွားမှာဖြစ်ကာ စာရင်းတွေကိုအတိအကျ ကောက်ယူနိုင်ဖို့ သက်ဆိုင်ရာ မြို့နယ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကို ကောက်ယူရမယ့် ပုံစံတွေပေးပို့ထားပြီး အငှားယာဉ်ပိုင်ရှင်တွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုသွားရောက်ပြီး စာရင်းပေးသွင်းရမယ်လို့ သိရပါတယ်။

အငှားယာဉ်တွေ စာရင်းပေးသွင်းနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက အချိန်အတိုင်းအတာ တစ်ခုအထိသတ်မှတ်ပေးထားမှာဖြစ်ပြီး သတ်မှတ်ကာလအတွင်း လာရောက်စာရင်း မပေးသွင်းနိုင်တဲ့ အငှားယာဉ်တွေကို မောင်းနှင်ခွင့်ပိတ်သိမ်းသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကနေ သိရပါတယ်။

Source : The Voice

Photos : MBT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ