Local News: ထိုင်းအိမ်ရှင်ဆီက ငွေတွေခိုးယူသွားတယ်ဆိုတဲ့ မြန်မာအိမ်အကူကို ဆုငွေ ဘတ်တစ်သိန်းထုတ်ထား

အိမ်ကို ရောက်တာဟာ လေးရက်လောက်ပဲရှိသေးတာကြောင့် မြန်မာအမျိုးသမီးအိမ်ဖော်ယူသွားတယ်ဆိုတာ မဖြစ်နိုင်ဘူး။

play

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးရှိ ထုံဘူနီနယ်မြေမှာ အိမ်အကူ လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးတစ်ဦးဟာ ထိုင်းအလုပ်ရှင်ထံမှ ဘတ်ငွေ ခုနစ်သန်း (ကျပ်သိန်း ၂,၆၀၀) တန်ဖိုးရှိ ရွှေ၊ စိန်ထည်နဲ့ ငွေတွေ ခိုးယူထွက်ပြေးတာကြောင့် ဖမ်းမိရေးအတွက် ဆုငွေ ဘတ်တစ်သိန်း (ကျပ်ငွေ သိန်း ၃၀ ကျော်)ထုတ်ပြီး လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

7Day Daily ရဲ့ ဖော်ပြချက်အရ ထိုင်းအလုပ်ရှင် နိုင်းထနဖတ်ဟာ အိမ်အကူ မြန်မာအမျိုးသမီးကို တွေ့ရှိပါက ဖုန်း ၀၈၆-၄၁၄၅၄၅၆ သို့ ဆက်သွယ်အကြောင်းကြားဖို့နဲ့ သတင်းပေးသူကိုလည်း ဆုငွေအဖြစ် ဘတ်ငွေတစ်သိန်း ချီးမြှင့်မှာဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။

အသက် (၃၀)အရွယ် မြန်မာအိမ်အကူ မခင်မြင့်ဦးဟာ အိမ်အကူ လုပ်ကိုင်ဖို့ ဒီဇင်ဘာ ၈ ရက်က ထိုင်းအလုပ်ရှင်ထံ ရောက်ရှိလာတာဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက်မှာ ပြင်ပသို့ ထွက်ခွင့်တောင်းပြီးနောက် ပျောက်ဆုံးနေတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါအိမ်အကူ မြန်မာအမျိုးသမီးကို ထိုင်းအထူးစုံစမ်းရေး ရဲတပ်ဖွဲ့ DSI နဲ့အတူ လိုက်လံရှာဖွေ နေတယ်လို့  ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်းက ပြောကြားထားကြောင်း သတင်းမှာ ဖော်ပြပါတယ်။  ဒါ့အပြင် မြန်မာအမျိုးသမီ အိမ်ဖော်ယူသွားတယ်ဆိုတာ မဖြစ်နိုင်ဘဲ မခင်မြင့်ဦး အဆိုပါအိမ်ကို ရောက်တာဟာ လေးရက်လောက်ပဲရှိသေးတယ်လို့ ဦးကျော်သောင်းက ပြောထားပါတယ်။

ထိုင်းနိုင်ငံရဲ့ အိမ်ရှင်သူဌေး အများစုဟာ ရွှေငွေနဲ့ ငွေကြေးတွေကို နေအိမ်တွေမှာ မထားကြဘဲ ဘဏ်တွေမှာသာ ထားလေ့ရှိတာကြောင့် ရွှေထည်ပစ္စည်းတွေ ခိုးယူသူဟာ  အိမ်ဖော်မြန်မာ အမျိုးသမီးမဖြစ်နိုင်ဘူးလို့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအချို့က သုံးသပ်ပြောကြားထားတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ