Local News: ရဲကိုဓားနဲ့ထိုးပြီး ကားမောင်းပြေးတာ စစ်သားတစ်ဦးကိုပါ ကားနဲ့ထပ်တိုက်မိ

ပဲခူးတိုင်းဒေသကြီး က၀မြို့နယ်မှာ ဖြစ်ပွားခဲ့တာပါ။

play

 

ပဲခူးတိုင်းဒေသကြီး က၀မြို့နယ်မှာ ကားတိုက်မှုကျူးလွန်ခဲ့တဲ့လူတစ်စုက ရဲတပ်ကြပ်တစ်ဦးကို ဓားနဲ့ထိုးပြီး ကားမောင်းပြေးတာကနေ စစ်သားတစ်ဦးကိုပါ ကားနဲ့ထပ်တိုက်မိတဲ့ ဖြစ်ရပ်တစ်ခု ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီလောက်က က၀မြို့ ရန်မြိုးအောင်ဘုရားလမ်းမှာ ကားတစ်စီးနဲ့ ဆိုင်ကယ်တစ်စီး ချိတ်မိတာကို ၀င်ရောက်ဖြေရှင်းပေးတဲ့ ရဲတပ်ကြပ်ကျော်မင်းကို ကားမောင်းလာတဲ့သူက ဓားနဲ့ထိုးပြီး ထွက်ပြေးသွားလို့ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးတာကနေ အင်းတကော်မြို့တာဆုံနားအရောက်မှာ တပ်မတော်သားတစ်ဦးကို ထပ်မံတိုက်မိခဲ့တာလို့ ဆိုပါတယ်။

ဒီလို တိုက်မိခဲ့တဲ့အရှိန်ကြောင့် ကားဘီးတွေပေါက်သွားပြီး အနားက ဆေးဆိုင်တစ်ခုကိုပါဝင်တိုက်မိခဲ့ကာ ကားရပ်တန့်သွားလို့ ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးခဲ့ရာမှာ ပဲခူးမြို့မှာနေထိုင်တဲ့ ယာဉ်မောင်း တင်ထွန်းအောင်(ခ)၀ကြီး(ခ)ကိုအောင် အသက်(၄၉)နှစ်နဲ့ ရန်လင်း(ခ)စောလင်း အသက်(၂၅)နှစ်တို့ကို ဖမ်းဆီးရမိခဲ့ပြီး ကျန်တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

ကားပေါ်မှာ ပါလာတဲ့သူတွေက အရက်သေစာသောက်စားထားကြပြီး မူးယစ်ဆေးဝါး သုံးစွဲထားတာရှိမရှိကို ဆက်လက်စစ်ဆေးနေပြီး ဖမ်းမိတဲ့နှစ်ဦးကို  က၀မြို့မ ရဲစခန်းက ပုဒ်မ (ပ)၂၆၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆၊ ၁၁၄ တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Source : Kumudra

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ