Local News: ဖားကန့်မြေစာပုံ ဆက်ပြိုကျနေလို့ ရှာဖွေရေးလုပ်ငန်းတွေ အခက်တွေ့နေ

မြေစာပုံက တဖြည်းဖြည်း ပြိုကျနေလို့ ရှာဖွေမှုတွေ ခဏရပ်ထားတယ်လို့ ဆိုပါတယ်။

play

 

ဒီဇင်ဘာ ၂၈ ရက်ညနေက ပြိုကျခဲ့တဲ့ ဖားကန့်မြို့နယ် လုံးခင်းနဲ့ ဆိပ်မူကျေးရွာကြားမှာရှိတဲ့ ကမ်းခမ်းစွန့်ပစ်မြေစာပုံက ဒီဇင်ဘာ ၂၉ ရက်အထိ ဆက်လက်ပြိုကျနေလို့  ရှာဖွေရေးလုပ်ငန်းတွေ အခက်ကြုံနေတယ်လို့ ဖားကန့်ဒေသ လူမှုရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

အဆိုပါမြေစာပုံပြိုကျမှုကြောင့် လူ ၂၀ ဦးထက်မနည်း မြေပိပျောက်ဆုံးနေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းက ဘက်ဟိုးခြောက်စီးနဲ့ ရှာဖွေခဲ့ရာမှာ လူနှစ်ဦးကိုပဲ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

play

 

‘‘မြေစာပုံက တဖြည်းဖြည်း ပြိုကျနေလို့ မနက်ကနေ နေ့လယ်အထိ ရှာပြီး ခဏရပ်ထားရတယ်။ လူ ၂၀ ကနေ ၅၀ ကျော် ပျောက် နေတယ်လို့ သတင်းထွက်နေပေမယ့် မဟုတ်လောက်ဘူး။ ကျွန်တော်တို့လည်း ပျောက်ဆုံးစာရင်းကို အတည်ပြုဖို့ ကြိုးစားနေပါတယ်’’လို့ ပျောက်ဆုံးနေသူတွေကို ဘက်ဟိုးတွေနဲ့ ရှာဖွေနေတာကို ကူညီပေးနေတဲ့ ဆိပ်မူကျေး ရွာဒေသခံတစ်ဦးက ပြောပါတယ်။

မြေစာပုံပြိုကျမှုမှာ သေဆုံးသူနှစ်ဦးရဲ့ အလောင်းကို ရှာဖွေနိုင်ပြီး သုံးဦးက ဒဏ်ရာအနည်းငယ်ပြင်းထန်ပြီး ရှစ်ဦးကတော့ ပွန်းပဲ့ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက ပြောပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလကနေ ဒီဇင်ဘာအတွင်း ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာပုံပြိုကျမှု ၁၀ ကြိမ်လောက်ဖြစ်ပွားခဲ့ပြီး အခုဖြစ်ပွားခဲ့တဲ့ မြေစာပုံပြိုကျမှုက လူပျောက်ဆုံးတာအများဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Source : 7DayDaily

Photos : DVB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ