play

 

ရာသီတုပ်ကွေး(Seasonal InfluenzaA (H1N1) 2009) ရောဂါကြောင့် လေးရက်အတွင်း ခြောက်ဦးသေဆုံးခဲ့တယ်လို့ ကျန်းမာရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင် ၂၄ ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ နှစ်ဦး၊ ၂၅ ရက်က ရန်ကုန်ကလေးဆေးရုံကြီးနဲ့  သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ နှစ်ဦး၊ ၂၆ ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တစ်ဦးနဲ့ ၂၇ ရက်က သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင်တစ်ဦး စုစုပေါင်း ခြောက်ဦးသေဆုံးခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူတွေက ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှ အသက်(၂၉) နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦး၊ ပဲခူးတိုင်းမှ (၂၅)နှစ်အရွယ် အမျိုးသားတစ်ဦး၊ ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှ (၄၃)နှစ်အရွယ် အမျိုးသားတစ်ဦး၊ ဒဂုံဆိပ်ကမ်း မြို့နယ် ယုဇနဥယျာဉ်မှ အသက်(၃၄)နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် (၅)နှစ်အရွယ် ကလေးငယ်နှစ်ဦးတို့ ပါဝင်ပါတယ်။

play

 

“ သံသယလူနာ သုံးဦးရှိပါ တယ်။ အဲဒီသုံးဦးကို သံသယလူနာအဖြစ် စစ်ဆေးတဲ့အခါမှာ အမျိုးသားနဲ့ ကလေးငယ်လေးမှာ H1N1 အဖြေထွက်ပါတယ်။ အသက်(၃၄)နှစ်အရွယ် အမျိုးသားကတော့ ၂၇ ရက် မနက် ၇ နာရီ ၁၅ မိနစ်မှာ ဆုံးတယ်။ နောက် ရွာသာကြီးက အသက်(၅)နှစ်အရွယ် ကလေးမလေးကတော့ ဆေးရုံတက်တဲ့ ရက် (၂၅ ရက်) နေ့မှာပဲ ဆုံးပါးသွားပါတယ်။ ကျန်တဲ့ သံသယလူနာ အမျိုးသမီးတစ်ဦးကတော့ အခုထိ အဖြေပြန်မရသေးပါဘူး။ စိစစ်ထားဆဲပါ”လို့ သင်္ဃန်းကျွန်းစံပြ ဆေးရုံကို တက်ရောက်ကုသခဲ့တဲ့ ရာသီတုပ်ကွေး ရောဂါသံသယလူနာသုံးဦးထဲက နှစ်ဦးသေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ဆေးရုံအုပ် ဒေါက်တာအောင်ဆန်းမင်းက ပြောပါတယ်။

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အချက်အလက်တွေအရ ဇူလိုင် ၁၉ ရက်ကနေ  ၂၇ ရက် မွန်းလွဲ ၂ နာရီအထိ တစ်နိုင်ငံလုံးမှာ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ လူနာ ၅၀ ဦးကို ဆေးကုသမှုပေးခဲ့ရာမှာ ၃၀ ဦးမှာ ရာသီတုပ်ကွေး(H1N1) ပိုးတွေ့ခဲ့ပြီး ခြောက်ဦးသေဆုံးခဲ့ထားပါတယ်။

Source & Photos : 7DayDaily

သင်စိတ်ဝင်စားနိုင်သည့် ဆက်စပ်သတင်း ( လွှတ်တော်မှာ H1 N1 ကိစ္စဆွေးနွေးတော့မယ် )

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video