AD
AD
AD
play

 

မောင်တောမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ သြဂုတ်လ ၂၅ ရက်ကနေ ၃၀ ရက် အထိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့  ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေအကြား ထိတွေ့တိုက်ပွဲ အကြိမ် ၉၀ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား ၃၇၀ ဦး ကိုအသေဖမ်းမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သြဂုတ် ၃၁ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ARSA အကြမ်းဖက်သမားကိုးဦးကို အရှင်ဖမ်းမိခဲ့ပြီး သေနတ်ရှစ်လက်၊ ကျည်ဆန်၊ မိုင်းနဲ့ ဂျင်ကလိတွေအပါအ၀င် လက်နက်ခဲယမ်း၊ ၀တ်စုံတွေနဲ့ ပြောက်ကျားယူနီဖောင်းတွေ WFP တံဆိပ်ပါ အစားအသောက်တွေနဲ့ ဆေးဝါးတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

play

 

အကြမ်းဖက်သမား အများအပြားက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အင်အားအလုံးအရင်းနဲ့ ၀ိုင်းဝန်းတိုက်ခိုက်ခဲ့လို့ အခုလို အသေဖမ်းဆီးရမိသူ အရေအတွက်များခဲ့တာလို့ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က စက်တင်ဘာ ၁ ရက်မှာ ပြောပါတယ်။

‘‘နေ့စဉ် တိုက်ပွဲတွေဖြစ်တယ်။ အကြမ်းဖက်တဲ့အဖွဲ့တွေက ကားမိုင်းထောင်တယ်။ လက်လုပ်မိုင်းနဲ့ထောင် တယ်။ ပစ်တယ်။ နောက် ရွာတွေကနေ ပစ်ခတ်တိုက်ခိုက်လို့ ကိုယ်တို့က လိုက်လံပြီးတော့ နှိမ်နင်းရတယ်’’ လို့ ရဲမှူးချုပ်သူရစန်းလွင်က ပြောပါတယ်။

အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ဟိန္ဒူဘာသာဝင် ခုနစ်ဦး၊ ဒိုင်းနက်တိုင်းရင်းသား သုံးဦး၊ ရခိုင်တိုင်းရင်းသား လေးဦး စုစုပေါင်း ၁၄ ဦးသေဆုံးခဲ့ပြီး ဒိုင်းနက်တိုင်းရင်းသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကာ နှစ်ဦးပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး၊ နိုင်ငံ့ဝန်ထမ်း နှစ်ဦး စုစုပေါင်း ၁၅ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကာ စစ်သည်တစ်ဦး ပျောက်ဆုံးနေပြီး သေနတ် ၁၁ လက်နဲ့ ခဲယမ်းမီးကျောက်တွေ ဆုံးရှုံးခဲ့ကာ ရဲတပ်ဖွဲ့ပိုင်ယာဉ် ခုနစ်စီး မီးလောင်ပျက်စီးခဲ့တယ်လို့  သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Source & Photos : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD