play
မြန်မာကျပ်ငွေစက္ကူတွေကို အတုပြုလုပ်တာတွေ အများအပြား တွေ့ရှိနေပါတယ်။

 

ပြည်တွင်းမှာ မြန်မာကျပ်ငွေစက္ကူတွေကို အတုပြုလုပ်တာတွေ အများအပြားတွေ့ရှိလာတာကြောင့် ကျပ်ငါးထောင်တန်နဲ့ ကျပ်တစ်သောင်းတန် ငွေစက္ကူတွေကို လုံခြုံရေးတိုးမြှင့်ပြီး ဒီဇိုင်းအသစ်တွေ ထပ်မံထုတ်ထားတယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေသိရပါတယ်။

အခုလို လုံခြုံရေးတိုးမြှင့်လိုက်တဲ့ ငွေစက္ကူဒီဇိုင်းသစ်တွေက အရင် ငွေစက္ကူအဟောင်းနဲ့အရွယ်အစား ပြောင်းလဲမှုမရှိဘဲ ထုတ်လုပ်ထားပေမယ့် အရင် ငွေစက္ကူ အဟောင်းထက်အနည်းငယ်ပိုထူပြီး ရေစိုခံနိုင်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

 

“တစ်သောင်းတန်ဆိုတဲ့အရာလေးက သိသိသာသာ အစိမ်းရောင်နဲ့ပေါ်နေမယ်။ လုံခြုံရေးကြိုးတွေ ဘာတွေကတော့ အရင်အဟောင်းနဲ့ အသစ်ယှဉ်ကြည့်ရင် အရောင်ကအစ ကွဲနေမယ်”လို့ အဆိုပါအရာရှိက ပြောပါတယ်။ လက်ရှိအချိန်မှာ ဘဏ်တွေက အပ်နှံလာတဲ့ ငွေစက္ကူဒီဇိုင်း အဟောင်းတွေကို ပြန်မထုတ်ပေးတော့ဘဲ လုံခြုံရေးတိုးမြှင့်ထားတဲ့ ငွေစက္ကူ ဒီဇိုင်းသစ်တွေကိုပဲ ဗဟိုဘဏ်က ဘဏ်တွေကို ပြန်လည်လဲလှယ်ပေးနေတယ်လို့ ဆိုပါတယ်။

play

 

၂၀၁၇-၁၈ ဘဏ္ဍာနှစ်စပိုင်းမှာ မြန်မာနိုင်ငံရဲ့ နယ်စပ်မြို့တွေနဲ့ နယ်မြို့တွေမှာ ကျပ်ငါးထောင်တန်နဲ့ တစ်သောင်းတန် ငွေစက္ကူအတု အများအပြားကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

“ဒီလိုငွေစက္ကူအတုတွေက အိမ်နီးချင်းနိုင်ငံတွေ၊ တရုတ်တို့၊ ထိုင်းတို့က အဝင်များတာပေါ့။ ချက်ချင်းကြီးတော့ သိမ်းလို့မရပါဘူး။ ဈေးကွက်ထဲမှာ၊ ပြည်သူတွေလက်ထဲမှာ အများကြီး ကိုင်သုံးနေတော့ဖြည်းဖြည်းချင်းပဲရမှာ”လို့ ကမ္ဘာ့ရတနာဘဏ်မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ငွေစက္ကူတွေကို လုံခြုံရေး တိုးမြှင့်တာက ပြည်တွင်းဈေးကွက်ထဲကို ငွေစက္ကူအတုတွေ ဝင်ရောက်တာမရှိစေဖို့နဲ့ ငွေစက္ကူ ကိုင်ဆောင်သုံးစွဲသူတွေ ယုံကြည်စိတ်ချမှု ပိုမိုရှိစေဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

Source : The Voice

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video