အငှားယာဉ်ငှားစီးလာတဲ့ လူငယ်သုံးဦးက ယာဉ်မောင်းကို ဓားနဲ့ထောက်ပြီး ငွေလုနေတုန်းမှာ လှည့်ကင်းနဲ့ ပက်ပင်းတိုးပြီး ဖမ်းဆီးခံခဲ့ရတဲ့ဖြစ်ရပ် ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ထဲကနေ အိမ်ပြန်လာတဲ့ အငှားယာဉ်မောင်း ဦးမော်ဝင်းက သြဂုတ် ၅ ရက် မနက် ၁ နာရီလောက်မှာ မြောက်ဒဂုံ မန္တလေးမှတ်တိုင်နားကနေ လူငယ်သုံးဦးကို ကျပ် ၄,၀၀၀ နဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)ကို ပို့ဆောင်ပေးခဲ့တာကနေ လုယက်ခံခဲ့ရတာလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ဒီလူငယ်သုံးဦးက ဒဂုံဆိပ်ကမ်းမြို့နယ် ပဲခူးမြစ်လမ်း ရတနာလမ်းဆုံအကျော်မှာ ယာဉ်နောက်ခန်းကနေ လိုက်ပါလာတဲ့ လူငယ်တစ်ဦးက ခဲတံချွန်ဓားနဲ့ ဦးမော်ဝင်းရဲ့ လည်ပင်းကိုထောက်ပြီး ကျန်တစ်ဦးက  အိတ်ကပ်ထဲမှာထည့်ထားတဲ့ ကျပ် ၁၃,၀၀၀ ကို ခြိမ်းခြောက်လုယူခဲ့တာလို့ ဆိုပါတယ်။

 

ပိုက်ဆံလုယက်မှုအပြီးမှာ ရတနာလမ်းဆုံဘက်ကို ပြန်လည်မောင်းနှင်ခိုင်းပြီးနောက် လမ်းဆုံအရောက်မှာ မှောင်ရိပ်ကျတဲ့ လမ်းထဲကိုဆက်မောင်းခိုင်းပြီး ကားကိုကွေ့နေတဲ့အချိန်မှာ လှည့်ကင်းရဲတပ်ဖွဲ့နဲ့တိုးပြီး ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒဂုံဆိပ်ကမ်းမြို့မရဲစခန်း ရဲအရာရှိတစ်ဦးက ပြောပါတယ်။

အငှားယာဉ်မောင်းဆီကနေ ငွေတွေ ဓားထောက်လုယက်ခဲ့သူ သုံးဦးက အသက်(၂၇)နှစ်အရွယ် ချစ်ဦး၊ (၁၈)နှစ်အရွယ် သက်ကို(ခ)ငရဲနဲ့ အသက် (၁၇)နှစ်အရွယ်တွေဖြစ်ပြီး ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက လုယက်မှု ပုဒ်မ ၃၉၂ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

Source : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video