Local News: အဓိကရုဏ်းနှိမ်နင်းရေး သေနတ်ကနေ ကျည်မတော်တဆထွက်လို့ အရပ်သားတစ်ဦး ဒဏ်ရာရ

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့မှာ ဖြစ်ပွားခဲ့တာပါ။

play

 

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ ဒီနေ့ မနက် ၁၀ နာရီကျော်လောက်က အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ အသုံးပြုတဲ့ ပြောင်းသေနတ်ကနေ ရာဘာကျည်ဆန်မတော်တဆထွက်ပြီး ဒေသခံ ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တောင်တွင်းကြီးမြို့လယ်လမ်းဆုံက ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲတပ်ဖွဲ့ရုံးခန်းအတွင်း လုံခြုံရေး တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ်ကြီး ရဲဝင်း ကိုင်ဆောင်ထားတဲ့ ရာဘာကျည်ဆန်သုံး ၁၂ ဗို့ သေနတ်တလက် ခုံပေါ်က အောက်ကိုပြုတ်ကျလို့ ကျည်ဆန်ထွက်ပြီး အနားက တောင်တွင်းကြီးမြို့ ရွှေအိုး (၁) ရပ်ကွက်မှာနေတဲ့ အသက် ၃၁ နှစ်အရွယ် ကိုစိုးမိုးအောင်ကို ထိမှန်ခဲ့တာပါ။

ရဲတပ်ကြပ်ကြီးရဲဝင်းက ရုံးအတွင်းသစ်သား ဗီဒိုထဲကနေ ရာဘာကျည်ဆံအသင့်ထိုးထားတဲ့ 12V ပြောင်းချော သေနတ်ကို ထုတ်တဲ့အချိန်မှာ လွတ်ကျပြီး ကျည်ဆန်ထွက်သွားကာ အနားက ကိုစိုးမိုးအောင်ကို ကျည်ဆန်ထိမှန်ခဲ့တာလို့ တောင်တွင်းကြီးမြို့ မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးမျိုးမြင့်ထွန်းက ပြောပါတယ်။

 

ရာဘာကျည်ဆန် ထိမှန်ခဲ့တဲ့ ကိုစိုးမိုးအောင်မှာ ယာဘက်ပါးစောင် ပေါက်ပြဲဒဏ်ရာ၊ ၀ဲဘက်ပါး ပွန်းပဲ့ဒဏ်ရာ၊ လည်ပင်းယာဘက် ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်ပခုံးပေါ် ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)  ရရှိခဲ့ပြီး တောင်တွင်းကြီး ပြည်သူ့ဆေးရုံကနေ မကွေးပြည်သူ့ဆေးရုံကို လွှဲပြောင်း ပေးထားတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်ထိန်းတပ်ဖွဲ့တာဝန်ခံ ရဲတပ်ကြပ်ကြီး ရဲဝင်းကို တောင်တွင်းကြီး မြို့မရဲစခန်းမှာ ခေတ္တထိန်းသိမ်းထားပြီး ရဲစည်းကမ်းဥပဒေနဲ့ အရေးယူမယ်လို့ သိရပါတယ်။

Source & Photo : DVB

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ