play
တောင်တွင်းကြီးမြို့တွင် ဆူပူမှုဖြစ်ပွားခဲ့သည့် ညမြင်ကွင်း။

 

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ စက်တင်ဘာလ ၁၀ ရက်ညက ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့သူ ခုနစ်ဦးကို ဖမ်းဆီးထားတယ်လို့ တောင်တွင်းကြီးမြို့တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်က ပြောပါတယ်။

ဆူပူမှုဖြစ်ပွားခဲ့တဲ့ညမှာ အသက်(၃၀)အရွယ် ဒေသခံတစ်ဦးကို ဖမ်းဆီးခဲ့ပြီး စက်တင်ဘာ ၁၁ ရက်မှာ လေးဦး၊ ၁၂ ရက်မှာ နှစ်ဦး စုစုပေါင်း ခုနစ်ဦးကို ဖမ်းဆီးထားပြီး သူတို့ရဲ့ထွက်ဆိုချက်ကတစ်ဆင့် ကျန်တဲ့သူတွေကို ဆက်လက်ဖမ်းဆီးမယ်လို့ ဆိုပါတယ်။

ဖမ်းမိသူအများစုက (၁၈) နှစ်ကနေ (၃၃)နှစ်အတွင်းရှိ တောင်တွင်းကြီးမြို့ခံလူငယ် အများစုဖြစ်ပြီး သူတို့အားလုံးကို တောင် တွင်းကြီးမြို့မ ရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီးပုဒ်မ (၄၄၀၊ ၁၄၄၊ ၁၄၇၊ ၁၅၂၊ ၁၅၃)တို့နဲ့ အမှုဖွင့်ထားတယ်လို့ ဦးဝင်းမြင့်လှိုင်က ပြောပါတယ်။  အဆိုပါပုဒ်မ တွေရဲ့ အမြင့်ဆုံးပြစ်ဒဏ်ကို သီးခြားစီကျခံစေမယ်ဆိုရင် တစ်ဦးကို ထောင်ဒဏ် ၁၂ နှစ်ခွဲထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

play

 

‘‘အခုတောင်တွင်းကြီးမြို့က တည်ငြိမ်အေးချမ်းနေပြီ၊ ပုံမှန် ဖြစ်နေပြီ။ ဖမ်းဆီးထားတဲ့သူတွေ ကိုမေးလိုက်တော့ ဘယ်သူတွေ၊ ဘယ်ဝါတွေပါ ပါတယ်ပေါ့။ ဖော်ထုတ်သိရရင် အဲဒီသူကို နောက်ထပ် ထပ်မံရှာဖွေဖမ်းဆီးလိုက်တာမျိုးရှိတယ်။ အဲဒါကြောင့်စာရင်းကို အတည်မပြုပေးနိုင်သေး တာ’’လို့ တောင်တွင်းကြီးမြို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

 

စစ်ဆေးချက်တွေအရ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေကို မကျေနပ်လို့ ပါဝင်တာလို့ အစိုးရအဖွဲ့သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၀ ရက် ည ၈ နာရီလောက်က တောင်တွင်းကြီးမြို့ပေါ်ရှိ အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်၊ ဈေးဆိုင်ခန်းတွေကို မျက်နှာဖုံးစွပ်လူတစ်စုက ခဲနဲ့ ပစ်ပေါက်ဖျက်ဆီးခဲ့လို့ ကာလတန်ဖိုးကျပ်သိန်း ၁၈၀ ကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

Source & Photos : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video