AD
AD
AD

မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ် ခရိုင်မြို့ဖြစ်တဲ့ ကော့ဘဇားမှာ ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး သတင်းယူ ဓာတ်ပုံရိုက်နေတဲ့ မြန်မာ ဓာတ်ပုံသတင်းထောက်နှစ်ဦးကို သူလျှိုမှုနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

play
မင်းဇေယျာဦးနှင့် ခွန်လတ်


ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့နှစ်ဦးဟာ ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး ဂျာမန် မဂ္ဂဇင်းတစ်စောင်အတွက် သတင်းဓာတ်ပုံတွေ ရိုက်ကူးပေးဖို့ ကော့ဘဇားမြို့ကို ရောက်ရှိနေချိန်မှာ အဖမ်းခံခဲ့ရတယ်လို့ စက်တင်ဘာ ၁၅ ရက် ညပိုင်းက 7Day TV သတင်းမှာ ပြောပါတယ်။

၎င်းတို့ကို ထိန်းသိမ်းထားတာ တစ်ပတ်ခန့်ရှိနေပြီလို့ သတင်းဓာတ်ပုံသမားတွေရဲ့ ရှေ့နေက ပြောပါတယ်။ ဓာတ်ပုံသတင်းထောက်နှစ်ဦးဟာ ဘင်္ဂါလီ ပြဿနာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအတွက် အချက်အလက်တွေ စုံစမ်းရယူပေးနေကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက စွပ်စွဲထားကြောင်း သိရပါတယ်။

play
ကော့ဘဇားမြို့ တည်နေရာပြ မြေပုံ


ဓာတ်ပုံသတင်းထောက်တွေဟာ မီဒီယာဗီဇာနဲ့ မဟုတ်ဘဲ ကမ္ဘာလှည့်ခရီးသွား ဗီဇာနဲ့ ဝင်ရောက်လာခဲ့ပြီး အချက်အလက် အမှားတွေကိုလည်း ဖော်ပြထားကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

၎င်းနှစ်ဦးကို လတ်တလောမှာ သူလျှိုမှုနဲ့ စစ်ဆေးနေကြောင်းလည်း ကော့စ်ဘာဇား ရဲတပ်ဖွဲ့ အကြီးအကဲ ရန်ဂျစ်ကူမာဘာရူအာက AFP သတင်းဌာနကို အတည်ပြုခဲ့ကြောင်း သိရပါတယ်။

မြန်မာနှစ်ဦးနဲ့အတူ ဘင်္ဂလားဒေ့ရှ် ဓာတ်ပုံသတင်းထောက်တစ်ဦးလည်း အဖမ်းခံရပေမယ့် နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ်တို့ဟာ ဟမ်းဘာ့ဂ်မြို့အခြေစိုက် Geo မဂ္ဂဇင်းအတွက် ဘင်္ဂါလီ ပြဿနာဆိုင်ရာ သတင်းဓာတ်ပုံတွေ ရိုက်ယူပေးဖို့ စက်တင်ဘာလဆန်းမှာ ကော့ဘဇားကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ ဓာတ်ပုံသတင်းထောက်နှစ်ဦးကို ဖမ်းဆီးထားကြောင်း သတင်းကို စက်တင်ဘာ ၁၃ ရက်မှသာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အာမခံပေးဖို့ လျှောက်ထားမှုကိုလည်း စက်တင်ဘာ ၁၄ ရက်မှာ ဘင်္ဂလားဒေ့ရှ်တရားရုံးက ပယ်ချခဲ့ကြောင်း သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့ မြန်မာဓာတ်ပုံသတင်းထောက်နှစ်ဦးနဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းမှုတွေလုပ်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားကြောင်း Frontier သတင်းမှာ ဖော်ပြထားပါတယ်။

“ဘယ်လိုဖြစ်တာလဲဆိုတာ အခုမေးနေတယ်။ အသေးစိတ်မသိရသေးဘူး”လို့ ဦးဇော်ဌေးက ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ အစိုးရချင်း မေးမြန်းနေပါတယ်။ အခြေအနေ သေချာသိရမှ ဆက်လုပ်လို့ရပါမယ်။ ခု မေးမြန်းနေတုန်းပဲ ရှိပါသေးတယ်” လို့လည်း ၎င်းက Frontier ကို ပြောခဲ့တာ ဖြစ်ပါတယ်။

Source & Photo: 7Day TV, Frontier

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD