Local News: ရွှေပြည်သာက နာမည်ကြီးလူမိုက်ကို သတ်တဲ့တရားခံတွေ ဖမ်းမိ

စုစုပေါင်းလေးဦး ထပ်မံဖမ်းမိခဲ့ပါတယ်။

play

 

ရွှေပြည်သာမြို့နယ်က နာမည်ကြီးလူမိုက်တစ်ဦးကို နေအိမ်ပေါ်တက်ပြီး ဓားနဲ့ ဝိုင်းဝန်းခုတ်သတ်ခဲ့သူတွေထဲက သုံးဦးကို ထပ်မံဖမ်းမိခဲ့တယ်လို့  ရွှေပြည်သာမြို့မ ရဲစခန်းစခန်းမှူး ဒုရဲမှူးခင်ဇော်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်က ရွှေပြည်သာမြို့နယ် (၆)ရပ်ကွက်မှာ နေထိုင်တဲ့ အသက်(၅၆)နှစ်အရွယ် ဦးကျော်နိုင်က နေအိမ်ဘုရားခန်းရှေ့မှာ မိသားစုနဲ့အတူအိပ်နေတုန်းမှာ ဓားရှည်တွေကိုင်ထားတဲ့ လူခြောက်ဦးလောက်က နေအိမ်အရှေ့တံခါးကို တွန်းဖွင့်ပြီး အိမ်ပေါ်ကိုတက်ကာ ဓားဖြင့်ခုတ်ခဲ့တာ ဖြစ်ပါတယ်။

အခင်းဖြစ်စဉ်အပြီးမှာ ပြစ်မှုကျူးလွန်ခဲ့သူတွေထဲက ဗဟန်းမြို့နယ်မှာနေတဲ့ အသက် (၅၃)နှစ်အရွယ် ဦးဝင်းမောင်နဲ့ အခြားလူငယ်နှစ်ဦးကို အောက်တိုဘာ ၁၂ ရက်က ထပ်မံဖမ်းမိခဲ့ပြီး စုစုပေါင်းလေးဦးကို ဖမ်းမိထားပြီးဖြစ်တယ်လို့ ဒုရဲမှူးခင်ဇော်က ပြောပါတယ်။

 

‘‘ဒီနေ့ ၁၀ မိုင်ကုန်းမှာ တစ်ယောက်မိတယ်။ မင်္ဂလာဒုံမှာ တစ်ယောက်၊ မြောက်ဥက္ကလာမှာ တစ်ယောက်မိတယ်။ ကျန်တာတွေက လိုက်နေတုန်းပါပဲ’’အဆိုပါ ရဲမှူးက ပြောပါတယ်။

အမျိုးသားခြောက်ဦးလောက်က ဓားရှည်နဲ့ဝိုင်းခုတ်ခဲ့လို့ ဦးကျော်နိုင်ရဲ့ ဦးခေါင်း၊ လက်နှစ်ဖက်နဲ့ ခြေထောက်တို့မှာ ပြတ်ရှဒဏ်ရာတွေရှိခဲ့တဲ့အပြင် ဘယ်ဘက်နံကြားမှာလည်း ထိုးသွင်းဒဏ်ရရှိခဲ့တာကြောင့် အင်းစိန်ဆေးရုံကို တင်ပို့တုန်းမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို လူသတ်မှု၊ ပူးပေါင်းကြံစည်မှု ရာဇသတ် ကြီးပုဒ်မ ၃၀၂/၃၄ တို့နဲ့ အမှုဖွင့်ဖမ်းဆီးထားပြီး လွတ်မြောက်နေသူတွေကို စုံစမ်းနေတယ်လို့ သိရပါတယ်။

Source : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ