ပြည့်သူ့လွှတ်တော်အဆောက်အဦကို ဒရုန်းယာဉ်အသုံးပြုပြီး ဓာတ်ပုံ/ဗီဒီယို ရိုက်ကူးဖို့ ကြိုးစားခဲ့တဲ့ တူရကီသတင်းဌာနက သတင်းထောက် ၃ ဦးနဲ့ ယာဉ်မောင်း ၁ ဦးတို့ကို ဒီနေ့ (နိုဝင်ဘာ ၁၀ ရက်)က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တရားရုံးကနေ လေယာဉ်အက်ဥပဒေပုဒ်မ(၁၀)နဲ့ ထောင်ဒဏ် ၂ လ ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
တူရကီသတင်းဌာန TRT စင်္ကာပူရုံးခွဲမှ သတင်းထောက် အောင်နိုင်စိုးအပါအ၀င် စင်္ကာပူနိုင်ငံသား ကျား ၁ ဦး၊ မလေးရှားနိုင်သား မ ၁ ဦး၊ စုစုပေါင်း ၃ ဦးတို့က ပြည်သူ့လွှတ်တော်အဆောက်အဦကို ဓာတ်ပုံရိုက်ဖို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၂၇)ရှေ့ကနေ ဒရုန်းလွှင့်တင်နေတာကို လွှတ်တော်လုံခြုံးရေးဆောင်ရွက်နေတဲ့ အမှတ်(၁၈) ရဲတပ်ရင်း ကင်းအဖွဲ့မှ အောက်တိုဘာ ၂၇ ရက် မနံက် ၁၀ နာရီလောက်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။
အဆိုပါလေးဦးကို ဒီနေ့ နေ့လည်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ရာမှာ တူရကီ၊ မလေးရှား၊ စင်္ကာပူသံရုံးမှဝန်ထမ်းတွေ ကိုအောင်နိုင်စိုးမိဘတွေနဲ့ ယာဉ်မောင်းဦးလှတင်ရဲ့ မိသားစုဝင်များ လာရောက်တွေ့ဆုံကြပြီး မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ ဦးခင်မောင်ဇော်က အမှုလိုက်ပါဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
”ကျွန်တော်ခန့်မှန်းတာပေါ့။ ဒီနေ့အာမခံရ နောက်ရုံးချိန်းတွေလာပေါ့။ နောက်တခုက ဒီနေ့တခါတည်း အမှုဖြတ် လျော်ကြေးလောက်နဲ့ပြီးမယ်လို့ခန့်မှန်ထားပါတယ်"ဖမ်းဆီးထိန်းခံရသူတွေထဲမှာ အပါအ၀င်ဖြစ်တဲ့ အောင်နိုင်စိုးက ပြောပါတယ်။
ဒီနေ့တရားရုံးချိန်းမှာတော့ တရားခံလေးဦးစလုံးကို လေယာဉ်အက်ဥပဒေပုဒ်မ (၁၀) နဲ့
ထောင်ဒဏ်နှစ်လပြစ်ဒဏ်ချမှတ်ပြီး သွင်းကုန်ထုတ်ကုန် အက်ဥပဒေပုဒ်(၈)နဲ့ ပတ်သက်တဲ့ ရုံးချိန်းကို နိုဝင်ဘာလ ၁၆ ရက်နေ့ကို ချိန်းဆိုထားတယ်လို့ သိရပါတယ်။
Source & Photos : News Watch