AD
AD
AD
play

 

ရန်ကုန်တက္ကသိုလ်အတွင်း ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပတဲ့ ရက်တွေမှာ ဓာတ်ပုံရိုက်ကူးမှု စည်းကမ်းချက်ပါ စာသားတွေမဝေဖို့နဲ့ ကင်မရာခွန် ကောက်ခံတာတွေမလုပ်ဖို့ ဓာတ်ပုံရိုက်ကူးခွင့် တင်ဒါရရှိထားတဲ့ ကုမ္ပဏီတာဝန်ရှိသူကို တက္ကသိုလ်ဘက်က ပြောကြားထားတယ်လို့ ရန်ကုန်တက္ကသိုလ်၊ စီမံ/ဘဏ္ဍာ ဌာနမှူး ဒေါ်ဆွေဆွေအောင်က နိုဝင်ဘာ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။

ဘွဲ့နှင်းသဘင်အခမ်းအနား ရက်တွေမှာ ခန်းမပြင်ပ (ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း) ဓာတ်ပုံ ရိုက်ကူးမှုနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေ ပါဝင်ပြီး ရန်ကုန်တက္ကသိုလ်အမည်ခံကာ ရေးသားထားတဲ့ စာရွက်ကို လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက နိုဝင်ဘာ ၁၆ ရက်က ဖြန့်ဝေခဲ့လို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

‘‘ရန်ကုန်တက္ကသိုလ်နာမည် ထည့်ထားပေမယ့် ဒါကျောင်းက ရေးတာမဟုတ်ဘူး။ အဲဒီစာရွက်ကို ဆက်ပြီးမဝေဖို့ ပြောထားတယ်။ ဒါပေမဲ့ သူက ဘွဲ့နှင်း သဘင်ပြင်ပမှာ ရိုက်ကူးခွင့် ကန်ထရိုက်ရထားတာဆိုတော့ မိသား စုကင်မရာတော့ ရတယ်။ တခြား Professional ကင်မရာတွေ၊ ဒရုန်းတွေနဲ့ ရိုက်တာတွေ ဝင်လာတော့ အဲဒါတွေက စာချုပ်အရ ရိုက်လို့မရဘူး။ တားဆီးပိုင်ခွင့် တော့ရှိတယ်။ ပိုက်ဆံကောက်ခွင့်တော့ မရှိဘူး’’လို့ ဒေါ်ဆွေဆွေအောင်က ပြောပါတယ်။

play

 

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ဓာတ်ပုံရိုက်ကူးခွင့် တင်ဒါရရှိထားတဲ့ ကုမ္ပဏီတာဝန်ရှိသူကို ရန်ကုန်တက္ကသိုလ် တာဝန်ရှိသူတွေက ခေါ်ယူတွေ့ဆုံခဲ့ပြီး ရန်ကုန်တက္ကသိုလ်အမည်နဲ့ စာရေးသားတာတွေ မလုပ်ဖို့နဲ့ ကင်မရာခွန် မကောက်ခံဖို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

 

ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်း သဘင်အခမ်းအနား ကျင်းပတဲ့ ရက်တွေမှာ ကင်မရာအခွန်ငွေ ကောက်ခံတာကလွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက  ကြုံတွေ့ဖူးပြီး ကင်မရာခွန်ပေးဆောင်ဖို့ ထင်သာမြင်သာ ကြေညာတာမဟုတ်ဘဲ တံဆိပ်ခေါင်းကပ်ပေးပြီးမှ တံဆိပ်ခေါင်းဖိုး တောင်းခံတာလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူ တစ်ဦးက ပြောပါတယ်။

ဒီနှစ်မှာ ဓာတ်ပုံရိုက်ကူးခွင့် တင်ဒါရရှိထားတဲ့ သိင်္ဂီရွှေ ရည်ကုမ္ပဏီက ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားတွေမှာ ဓာတ်ပုံရိုက်ကူးခွင့် ရရှိထားတာ နှစ် ၂၀ ကျော် ခန့်ရှိနေပြီး ဒဂုံတက္ကသိုလ်မှာလည်း  ရိုက်ကူးခွင့်ရရှိထားပါတယ်။

Source : 7DayDaily

Photos : Wiki, Kyaw Moe Hein

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD