play

 

ပုဂ္ဂလိကဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦးရဲ့ ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေဖို့ ရည်ရွယ်ပြီး ညစ်ညမ်း ဗီဒီယိုဖိုင်တစ်ခုကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ခဲ့သူကို စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ ဒီဇင်ဘာလ ၁ ရက်နေ့က လှိုင်မြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ဘဏ်မှာ အလုပ်လုပ်တဲ့ ကောင်မလေးက လှိုင်မြို့နယ်မှာ နေတာ၊ အဲဒါကြောင့် ဒီရဲစခန်းမှာ အမှုဖွင့်တာပါ၊ သူ့ရဲ့နာမည်ကို ခေါင်းစဉ်တပ်ပြီး တခြားစုံတွဲတစ်တွဲ ဗီဒီယိုဖိုင်ကို တင်ခဲ့တာလို့ သိရတယ်၊ တင်တဲ့အကောင့်ကလည်း ညစ်ညမ်းအကောင့်မှာ တင်တာ၊ တင်တဲ့ဗီဒီယိုဖိုင်က ညစ်ညမ်းဖိုင်တစ်ခုပါပဲ၊ လွှင့်တဲ့သူ ဘယ်သူဘယ်ဝါလဲဆိုတာ သိရအောင် စုံစမ်းရှာဖွေနေတုန်းပါ”လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

အသက် ၂၇ နှစ်အရွယ် ပုဂ္ဂလိကဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦးရဲ့ နာမည်တပ်ထားတဲ့ ညစ်ညမ်းဗီဒီယိုကို အတူတူ လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက တွေ့ရှိပြီး ဖုန်းဆက်အကြောင်းကြားပြီး ကူးယူပြသခဲ့လို့ ကြည့်ရှုစစ်ဆေးရာ “---ဌာနမှ ---- ဆိုတဲ့ စော်လေး”ဟု ခေါင်းစဉ်တပ် အမည်ပေးထားတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ ဗီဒီယိုဖိုင်ထဲမှာ နာမည်အတပ်ခံရသူမဟုတ်ဘဲ အခြားအမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ ဖြစ်နေတာကို တွေ့ရှိခဲ့ရတယ်လို့ အမှုဖွင့် တိုင်တန်းချက်အရ သိရပါတယ်။

နာမည်နဲ့ ဌာနအမည်ကိုတပ်ပြီး မဟုတ်မမှန် လုပ်ကြံပြီး အင်တာနက်ညစ်ညမ်း အကောင့်ပေါ်မှာ လွှင့်တင်သူကို ဥပဒေအရ စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ တိုင်ကြားခဲ့လို့ လှိုင်မြို့မ ရဲစခန်းက (ပ) ၁၁၈၈/ ၁၇၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့  အမှုဖွင့် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Source : The Voice

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video