AD
AD
AD
play

 

ဓူဝံရဲ့ ဒီတစ်ပတ်အတွင်း လူကြည့်အများဆုံး ဖြစ်ခဲ့တဲ့သတင်းကတော့ ညစ်ညမ်းဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ် လွှင့်တင်ခဲ့သူကို အမှုဖွင့်ခဲ့တဲ့ သတင်းပဲဖြစ်ပါတယ်။

ပုဂ္ဂလိကဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦးရဲ့ ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေဖို့ ရည်ရွယ်ပြီး ညစ်ညမ်း ဗီဒီယိုဖိုင်တစ်ခုကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ခဲ့သူကို စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ ဒီဇင်ဘာလ ၁ ရက်နေ့က လှိုင်မြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားမှု ဖြစ်ပွားခဲ့တာပါ။

နာမည်နဲ့ ဌာနအမည်ကိုတပ်ပြီး မဟုတ်မမှန် လုပ်ကြံပြီး အင်တာနက်ညစ်ညမ်း အကောင့်ပေါ်မှာ လွှင့်တင်သူကို ဥပဒေအရ စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ တိုင်ကြားခဲ့လို့ လှိုင်မြို့မ ရဲစခန်းက (ပ) ၁၁၈၈/ ၁၇၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့  အမှုဖွင့် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

--------------------------

play

 

နောက်ထပ်လူကြည့်အများဆုံးသတင်းကတော့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ကို ဖျက်သိမ်း လိုက်တယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ကို ဒီဇင်ဘာ ၁ ရက်မှာ ဖျက်သိမ်းလိုက်ပြီး နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကနေ တာဝန်ယူရိုက်ကူးသွားတော့မှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးထုတ်လုပ်ဖို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုဦးဆောင်တဲ့ လုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီး ၂၀၁၈ ဇန်န၀ါရီလမှာ စတင်ရိုက်ကူးမှာဖြစ်ကာ ၂၀၁၉ ဒီဇင်ဘာမှာ အပြီးအစီး ရိုက်ကူးထုတ်လုပ်သွားမယ်လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောထားပါတယ်။

-------------------------

play

 

သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင် ၁၅၀ ကျော်ကို စွန့်ပစ်မှုဖြစ်ပွား ဆိုတဲ့ သတင်းကလည်း ဒီတစ်ပတ်ထဲမှာ လူစိတ်ဝင်စားတဲ့ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။  ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၊ ကန်တော်ကြီးပန်းခြံထဲမှာ ဒီဇင်ဘာလ ၂ ရက် မနက် ၆ နာရီလောက်က မှတ်ပုံတင်၊ သန်းခေါင်စာရင်း တစ်ရာ့ငါးဆယ်လောက်ပါတဲ့ အထုပ်တစ်ထုပ် ပစ်ချထားခဲ့တာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ မှတ်ပုံတင်၊ သန်းခေါင်စာရင်းပါ အထုပ်တစ်ထုပ်ကို ကျန်းမာရေး အားကစား လေ့ကျင့်ခန်း လုပ်နေတဲ့ အမျိုးသားတစ်ဦးက စတင် တွေ့ရှိခဲ့ပြီး ဗဟန်းမြို့မရဲစခန်းကို အကြောင်းကြားကာ နယ်ထိန်း တာဝန်ခံအရာရှိကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

--------------------------

play

 

အင်းဝအပ်ချုပ်ဆိုင်အမှု ဒီဇင်ဘာ ၁၅ ရက် အမိန့်ချမယ် ဆိုတဲ့ သတင်းကလည်း ဒီတစ်ပတ်ရဲ့ ထိပ်တန်းသတင်းတွေထဲမှာ တစ်ခုပါအ၀င်ဖြစ်ပါတယ်။ အမှုစစ်ဆေးနေတာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်တဲ့ အင်းဝအပ်ချုပ်ဆိုင်အမှုကို ၂၀၁၆ စက်တင်ဘာကစတင်ပြီး တစ်ပတ်ကို ရုံးချိန်းနှစ်ချိန်းနဲ့ စစ်ဆေးခဲ့ရာ တစ်နှစ်ကျော်ကြာမြင့်နေပြီ ဖြစ်ပါတယ်။

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာ၊ သမီးငယ် မစုမွန်လတ်၊ သား ကိုတင်မင်းလတ်နဲ့ သမက်ဦးရာဇာထွန်းတို့ကို ကလေးသူငယ် ဆိုင်ရာဥပဒေပုဒ်မ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မအပါအ၀င် ပုဒ်မလေးခုနဲ့ စွဲချက်တင်ထားပါတယ်။

Photos : Mizzima, Kyaw Thet Htawe Facebook, Bogyoke Aung San Movie facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD