play
ရခိုင်အမျိုးသား နယ်မြေပြန်လည် တည်ဆောက်ရေး အထောက်အကူပြုကော်မတီ အစည်းအဝေးမြင်ကွင်း။

 

ရခိုင်ပြည်နယ် မောင်တောဒေသမှာ အခြေချနေထိုင် လုပ်ကိုင်စားသောက်ဖို့ မြို့နယ်တချို့မှ လူဦးရေ ၁၀ဝ ခန့် ရောက်ရှိနေတယ်လို့ ရခိုင်အမျိုးသား နယ်မြေပြန်လည် တည်ဆောက်ရေး အထောက်အကူပြုကော်မတီ အထွေထွေအတွင်းရေးမှူး ဦးသန်းထွန်းက ပြောပါတယ်။

အဆိုပါဒေသကို ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲမြို့နယ်တွေကနေ နိုဝင်ဘာလ ၉ ရက်မှ နိုဝင်ဘာလ ၁၀ ရက်အတွင်း ရောက်ရှိလာသူတွေက လူမှုအဖွဲ့အစည်းများတွေနဲ့ ဆက်သွယ်ကာ မောင်တောမြို့နယ်တောင်ပိုင်း အင်ဒင်းကျေးနဲ့ သင်္ဘောကွေ့ကျေးရွာတို့မှာ လတ်တလော နေထိုင်နေတယ်လို့ သိရပါတယ်။

“ဒီဒေသမှာ လုပ်စားလို့ ရတယ်။ ဒီဒေသဟာ ရခိုင်ပိုင်နက် ဖြစ်တဲ့အတွက် ကိုယ့်ဒေသကို ကာကွယ်ရမယ်၊ အဲဒီလိုအသိတွေ ဝင်သွားအောင်လို့ ဖြစ်တယ်၊ ပဏာမအနေနဲ့ လာကြတာပေါ့”လို့ ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးသန်းမောင်ဦးက ပြောပါတယ်။

play

 

ပြောင်းရွှေ့လာကြသူတွေကို လူမှုအဖွဲ့အစည်းတွေက အခြေချနေထိုင်ပြီး လုပ်ကိုင်စားသောက်နိုင်ဖို့ ကိုးတန်ကောက်ကျေးရွာမှာ နေအိမ်တွေ ဆောက်လုပ်နေတဲ့အပြင် မောင်တောမြို့နယ်မှာ အိမ်ခြေတစ်ထောင်ခန့်နဲ့ ရမ္မာဝတီကျေးရွာ တည်ဆောက်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ပြောင်းရွှေ့လာသူတွေကို ရေလုပ်ငန်းနဲ့ သက်မွေးကျောင်းပြုနိုင်ဖို့ စက်လှေနဲ့ ပိုက်ကွန်တွေကို အိမ်ထောင်စု ၅ စုကို တစ်ခုကျစီ ထောက်ပံ့ပြီး စိုက်ပျိုးရေး လုပ်ကိုင်လိုပါက လယ်ယာမြေတွေကို ထောက်ပံ့ပေးသွားမယ်လို့ အနောက်ဘက် နယ်စပ်ဒေသ ရခိုင်အမျိုးသား နယ်မြေပြန်လည် တည်ဆောက်ရေး အထောက်အကူပြုကော်မတီ အထွေထွေအတွင်းရေးမှူး ဦးသန်းထွန်းက ပြောပါတယ်။

Source : 7DayDaily

Photos : Narinjara

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video