AD
AD
AD
play

 

ရခိုင်ပြည်နယ်မှာ လုံခြုံရေးတာဝန် ထမ်းဆောင်ပြီး ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စည်းရုံးဆက်သွယ်ပြီး အရေးကြီးလုံခြုံရေး စာရွက်စာတမ်း အထောက်အထားတွေကို ပြည်ပသတင်းဌာနတွေကို ပေးပို့ဖို့ ရည်ရွယ်တယ်ဆိုပြီး ရိုက်တာသတင်းဌာနက မြန်မာသတင်းထောက်နှစ်ဦးနဲ့ ရဲအရာရှိနှစ်ဦး စုစုပေါင်းလေးဦးကို အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

အဆိုပါသတင်းထောက်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များဥပဒေ ပုဒ်မ−၃ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ရိုက်တာသတင်းဌာန သတင်းထောက် ကိုသက်ဦးမောင်(ခ)၀လုံးနဲ့ ကိုကျော်စိုးဦး (ခ)မိုးအောင်တို့နှစ်ဦးကို ထောက်ကြန့်နယ်မြေ ရဲစခန်းက လျှို့ဝှက်ချက် အက် ဥပဒေပုဒ်မ-၃ နဲ့ အမှုဖွင့် စစ်ဆေးနေပြီး လုံခြုံရေးတပ်ဖွဲ့ခွဲမှ ပါဝင်ပတ်သက်သူ ဒုရဲမှူးမိုးရန်နိုင်နဲ့ ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ နှစ်ဦးကိုလည်း လျှို့ဝှက်အက်ဥပဒေပုဒ်မအပြင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေတွေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။

play

 

ဒီလိုသတင်းထောက်နှစ်ဦးကို ဖမ်းဆီးခဲ့တာက နိုင်ငံတကာနဲ့ ဆိုင်တဲ့ အရေးတကြီးကိစ္စဖြစ်ပြီး သတင်းဌာနအတွက် အလုပ်လုပ်ကိုင်နေတုန်း အခုလိုဖမ်းဆီးခံခဲ့ရတာလို့ ရိုက်တာသတင်းဌာန အယ်ဒီတာချုပ် စတီဖင်ဂျေအယ်တာက ပြောပါတယ်။ ဒါ့အပြင်ဒီဖြစ်စဉ်က  စာနယ်ဇင်းလွပ်လပ်ခွင့်ကို ဆိုးဆိုးရွားရွားထိခိုက်စေတဲ့လုပ်ဖြစ်တယ်လို့ စတီဖင်ဂျေအယ်တာ ပြောလိုက်ပြီး ဖမ်းဆီးထိမ်းသိမ်းထားတဲ့ သတင်းသမားတွေကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဖမ်းဆီးခံရိုက်တာ သတင်းထောက်နှစ်ဦးကို ရဲတပ်ရင်း (၈)မှ တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ညစာစားဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက်ပိုင်း အခုလို့ဖမ်းဆီးခံခဲ့ရတာလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

၁၉၂၃ ခုနှစ်မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ−၃ က နိုင်ငံတော်ကိုဖြစ်စေ၊ နိုင်ငံအကျိုးကိုဖြစ်စေ ထိခိုက်စေတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ရင် ထောင်ဒဏ်သုံးနှစ်ကနေ ၁၄ နှစ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

Source : 7DayDaily,Reuters

Photos : Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD