play
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးကော်မတီအစည်းဝေးပွဲ မြင်ကွင်း။

 

ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးဖြစ်မြောက်ရေးကော်မတီမှာပါဝင်တဲ့ အနုပညာရှင်ဇာဂနာက ကျန်းမာရေး အခြေအနေကြောင့် ဒီဇင်ဘာလ ၁၈ ရက်မှာ အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်စာတင်ခဲ့တယ်လို့ သိရပါတယ်။

“နုတ်ထွက်စာ တင်ပေထားပေမယ့် လူရင်းတွေလည်း ဖြစ်နေတော့ နာမည်မပါလည်း နောက်ကွယ်က ကူညီပေးသွားမယ်လို့ သူက ပြောတယ်”လို့ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးမယ့် ဒါရိုက်တာမင်းထင်ကိုကိုကြီးက ပြောပါတယ်။

ကျွန်တော်၏ ကျန်းမာရေး အခြေအနေကြောင့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီဝင်အဖြစ် အလုပ် လုပ်ကိုင်ခြင်းငှာ မစွမ်းသာပါသောကြောင့် အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုပါရန် လေးစားစွာတင်ပြအပ်ကြောင်းဆိုပြီး ဇာဂနာရဲ့ နုတ်ထွက်ခွင့်ပြုဖို့ တင်ပြစာမှာ ဖော်ပြထားပါတယ်။

play

 

ဇာဂနာ နုတ်ထွက်သွားပေမယ့် ကျန်ရှိတဲ့ အဖွဲ့ဝင်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ရိုက်ကူးရေး စတင်သွားမယ်လို့ သိရပါတယ်။ အနုပညာရှင် ဇာဂနာက သည်းခြေအိတ်ကျောက်တည်တာကို အောင်အောင်မြင်မြင် ခွဲစိတ်ကုသခဲ့ပြီး လက်ရှိမှာ ပြန်လည် ကျန်းမာလာပြီဖြစ်ပေမယ့်နောက်ပိုင်းမှာ အဆိုပါကော်မတီကနေ အနားယူမယ်လို့ ပြောထားတာရှိပါတယ်။

ဗိုလ်ချုပ် အတ္ထုပ္ပတ္ထိရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီမှာ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဥက္ကဋ္ဌ၊ တွဲဖက်အတွင်းရေးမှူး (၂)အဖြစ် သရုပ်ဆောင်လူမင်းနဲ့ အဖွဲ့ဝင်တွေအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်၊ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊ ဦးဇာဂနာနဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီးတို့ နဲ့ ဖွဲ့စည်းထားပါတယ်။

Source : The Voice

Photos : Kaung Theinkha,Bo Gyoke Movie

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video