play

 

နေပြည်တော်လွှတ်တော်ကို ဒရုန်းဖြင့် ရိုက်ကူးဖို့ ကြိုးစားမှုနဲ့ ဖမ်းဆီးခံထားရသူ လေးဦးကို စွဲဆိုထားတဲ့အမှုတွေ ပြန်လည်ရုပ်သိမ်းခွင့်ပြုဖို့ တရားလိုဘက်က ဒီနေ့ ( ဒီဇင်ဘာ ၂၆ ) ရုံးချိန်းမှာ လျှောက်ထားလိုက်တယ်လို့ သိရပါတယ်။

ဒရုန်းနဲ့လွှတ်တော်ကို ရိုက်ကူးဖို့ကြိုးစားခဲ့တဲ့ သူတွေရဲ့လုပ်ဆောင်ချက်က “နိုင်ငံတော်၏ လုံခြုံရေးကို ထိခိုက်စေမယ့် ရည်ရွယ်ချက်မရှိဘဲ မလေးရှားနိုင်ငံသူ MOK CHOY LIN၊ စင်ကာပူနိုင်ငံသား LAU HON MENG တို့ကိုလည်း နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေးရှုပြီး တရားလိုဖြစ်သူ ရဲအုပ်ထွန်းထွန်းဝင်းက သူစွဲဆိုထားတဲ့ ပို့ကုန်၊ သွင်းကုန်ဥပဒေပုဒ်မ(၈)အမှုနဲ့ ပတ်သက်ပြီး ဒီနေ့ တရားခွင်မှာ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံခြားသားနှစ်ဦးကို စွဲဆိုထားတဲ့ လဝကဥပဒေ ပုဒ်မ ၁၃(၁) နဲ့ ပတ်သက်ပြီး တရားလိုဖြစ်သူ မြို့နယ်လဝက ဒုဦးစီးမှူးက အမှုကိုရုပ်သိမ်းခွင့်လျှောက်ထားဖို့ စီစဉ်နေပြီလို့ နေပြည်တော်အမှတ် (၅) စခန်းမှူးဖြစ်သူ ရဲအုပ်ထွန်းထွန်းဝင်းက ပြောပါတယ်။

play

 

တူရကီနိုင်ငံ အခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနမှ မလေးရှားနိုင်ငံသူ MOK CHOY LIN၊ စင်ကာပူနိုင်ငံသား LAU HON MENG တို့နဲ့အတူ မြန်မာနိုင်ငံသား စကားပြန် ကိုအောင်နိုင်စိုးနဲ့ယာဉ်မောင်း ဦးလှတင်တို့ လေးဦးက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ရက်က နေပြည်တော် လွှတ်တော်နားမှာ ဒရုန်းလွတ်တင်ဖို့ လုပ်နေတုန်း အဖမ်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရသူ လေးဦးစလုံးကို မြန်မာနိုင်ငံလေယာဉ်အက်ဥပဒေ ပုဒ်မ(၁၀)နဲ့ ထောင်ဒဏ်နှစ်လစီ ကျခံစေဖို့ တရားရုံးက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်က အမိန့်ချမှတ်ထားလို့ လာမယ့် ဇန်နဝါရီလ ၉ ရက်မှာ နှစ်လပြည့်မှာ ဖြစ်ပေမယ့် လျှော့ရက် လေးရက် ရရှိထားတာကြောင့် ဇန်နဝါရီလ ၅ ရက်မှာ လေးဦးစလုံး ပြန်လည်လွတ်မြောက်ကြတော့မှာ ဖြစ်ပါတယ်။

Source & Photos : Mizzima

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video