play

 

၂၀၁၇ အတွင်း နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးနယ်ပယ်တွေမှာ ထူးခြားတဲ့ ဖြစ်စဉ်တွေအများအပြား ရှိခဲ့ပါတယ်။ မထသ ယာဉ်လိုင်းစနစ်ကို ဖျက်သိမ်းကာ YBS စနစ်ပြောင်းလဲခဲ့တဲ့ ဖြစ်စဉ်ကစပြီး ကမ္ဘာလုံးဆိုင်ရာ ကက်သလစ်သာသနာပိုင် ပုပ်ဖရန့်စစ် မြန်မာနိုင်ငံကို ပထမဆုံး လာရာက်ခဲ့တဲ့ ခရီးစဉ်အပါအ၀င် ထူးခြား ဖြစ်စဉ်တချို့ကို ဓူဝံပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

play

 

မသထ ကနေ YBS စနစ်ကို ပြောင်းလဲမှု

NLD အစိုးရသစ်လက်ထက်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်လာတဲ့ ဦးဖြိုးမင်းသိန်းက ဇန်န၀ါရီလ ၁၆ ရက်မှာ ဆယ်စုနှစ် နှစ်စုကျော် ကျင့်သုံးခဲ့တဲ့ မထသ ဘတ်စ်ကားလိုင်းစနစ်ကို အများပိုင်ယာဉ်လိုင်း YBS စနစ်ပြောင်းလဲခဲ့တဲ့ ဖြစ်စဉ်က ၂၀၁၇ ရဲ့ ပထမဆုံး ထူးခြားတဲ့ ဖြစ်စဉ်လို့ ဆိုနိုင်ပါတယ်။ ယာဉ်လိုင်းစနစ်ပြောင်းလဲပြီးနောက်ပိုင်း အခုအချိန်အထိ အဆင်မပြေမှုတွေရှိခဲ့လို့ ဝေဖန်မှုတွေကြုံတွေ့နေရပါတယ်။

လူရှစ်ဦးသေဆုံးခဲ့တဲ့ အမြန်လမ်းက ကားမီးလောင်မှု

၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၁၉ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး လေးမိုင်နှစ်ဖာလုံမှာ Toyota Hiace ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါလာတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးခုနစ်ဦး စုစုပေါင်းရှစ်ဦး ကားပေါ်မှာပဲ မီးလောင်သေဆုံးခဲ့ပါတယ်။ ကားမီးလောင်မှုကြောင့် ယာဉ်မောင်းဖြစ်သူ အောင်ခန့်တစ်ဦးတည်းသာ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

play

လူမြင်ကွင်းမှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးတစ်ခုကို တက်ရောက်ပြီး ဇန်န၀ါရီလ ၂၉ ရက်နေ့ ညနေပိုင်းမှာ ပြန်လည်ရောက်ရှိလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်သမားကြည်လင်းက မင်္ဂလာဒုံလေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ကလည်း မြန်မာတနိုင်ငံလုံးကို လှုပ်ခတ်စေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သေနတ်သမားကြည်လင်းနဲ့ ပါဝင်ပတ်သက်သူတွေကို ဖမ်းဆီးစစ်ဆေးနေပြီး လုပ်ကြံမှုကို အဓိကစေခိုင်းခဲ့တဲ့ အောင်ဝင်းခိုင်ကတော့ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

ဒီချုပ်အစိုးရလက်ထက်မှာ ပထမဆုံးနုတ်ထွက်ခဲ့တဲ့ ၀န်ကြီးချုပ်

ဒီချုပ်အစိုးရလက်ထက်မှာ ခန့်အပ်ခဲ့တဲ့ ဝန်ကြီးချုပ်တွေထဲမှာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပထမဆုံးအကြိမ်နုတ်ထွက်ခဲ့တဲ့ ၀န်ကြီးချုပ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအပြီး ဒီချုပ်အစိုးရအာဏာရလာပြီးနောက်ပိုင်း ၀န်ကြီးချုပ်ဖြစ်လာတဲ့ ဦးမင်းမင်းဦးကို နုတ်ထွက်ပေးဖို့  ပြည်သူတွေက တိုင်ကြားခဲ့လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကာ နိုင်ငံတော်သမ္မတက ၂၀၁၇ ဖေဖော်ဝါရီလမှာ နုတ်ထွက်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

play

 

လိုက်ပါသွားသူအားလုံး သေဆုံးခဲ့တဲ့ Y8 လေယာဉ်ပျက်ကျမှု

တပ်မတော်သား၊ မိသားစုဝင်တွေနဲ့ လေယာဉ်အမှုထမ်းတွေ အပါအ၀င် စုစုပေါင်း ၁၂၂ ဦးလိုက်ပါလာတဲ့ တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ် Y-8  ဇွန်လ ၇ ရက်နေ့မွန်းလွဲပိုင်းမှာ ထားဝယ်မြို့နားက ပင်လယ်ပြင်ထဲကို ပျက်ကျခဲ့လို့ လိုက်ပါလာသူအားလုံး သေဆုံးခဲ့ပါတယ်။ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေရဲ့ ဖော်ထုတ်ချက်အရ Y-8 F 200 W လေယာဉ်က ရာသီဥတုကြောင့် lost control ဖြစ်ပေါ်ပြီး ပျက်ကျခဲ့တာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှု

ARSA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေထဲက ကင်းစခန်း ၃၀ ကို​ ဩဂုတ် ၂၅ ရက်က တစ်ပြိုင်နက် ၀င်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ အောက်တိုဘာ ၉ ရက်နေ့ကနေ စက်တင်ဘာ ၂၆ ရက်နေ့အထိ ARSA အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ (၁၆၃) ဦးနဲ့ ပျောက်ဆုံးနေသူ (၉၁) ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့ဂုဏ်ဆောင်ခဲ့တဲ့ MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းချန်ပီယံ အောင်လဆန်ဆန်

မြန်မာ့စပါးအုံးမြွေလို့ လူသိများတဲ့ မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား အောင်လအန်ဆန်က  ၂၀၁၇ ဇွန်လ ၃၀ ရက်က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ OneChampionship(MMA) မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲမှာ ရုရှားနိုင်ငံသား ဘစ်တာလီဘစ် ဒက်ရှ်ကို အမှတ်နဲ့ အနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံဖြစ်ကာ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့ပါတယ်။

play

 

ဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့တဲ့ ကန်တော်ကြီးပဲလေစ့်ဟိုတယ်မီးလောင်မှု

အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ကန်တော်ကြီးပဲလေစ့်ဟိုတယ်မီးလောင်မှုက ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း သုံးသောင်း ခုနစ်ထောင်ကျော်ရှိခဲ့လို့ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုတွေထဲမှာ ဆုံးရှုံးမှုအများဆုံး ဖြစ်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် ဟိုတယ်အခန်း ၁၈၀ ကျော်ထဲက အခန်း ၉၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး ဟောင်းနွမ်းဝါယာကြိုးတွေကြောင့် မီးလောင်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

play

 

မြန်မာနိုင်ငံကို သမိုင်းဝင်ခရီးလာရောက်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး

မြန်မာအစိုးရရဲ့ဖိတ်ကြားမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ကက်သလစ်သာနာပိုင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်က မြန်မာနိုင်ငံကို နိုဝင်ဘာ ၂၇ ရက်ကနေ ၃၀ ရက်အထိ လေးရက်ကြာလာရောက်လည်ပတ်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်မှာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ၊ တပ်မတော် ကာကွယ်ရေးစီးဦးချုပ်တို့နဲ့တွေ့ဆုံခဲ့ပြီး ရန်ကုန်မြို့ကျိုက္ကဆံကွင်းမှာလည်း ကက်သလစ်ဘာသာဝင် နှစ်သိန်းကျော်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video