play
မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းက လုပ်ခလစာရှိမှု အနည်းဆုံးဖြစ်နေပါတယ်။

 

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက သတ်မှတ်ထုတ်ပြန်လိုက်တဲ့ အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၄၈၀၀ အဆိုပြုနှုန်းထား သတ်မှတ်ချက်ကို ကန့်ကွက်လိုသူတွေအနေနဲ့ နှစ်ပတ်အတွင်း ကန့်ကွက်နိုင်တယ်လို့ ပြောပါတယ်။

အစိုးရရဲ့ အဆိုပြုနှုန်းထားဖြစ်တဲ့ ၄၈၀၀ ကျပ်ကို ကန့်ကွက်သွားမှာဖြစ်ပြီး တစ်ရက်ကို ၅၆၀၀ ကျပ်ပေးဖို့ တောင်းဆိုမယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ၀န်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် လက်ထောက်အထွေထွေ အတွင်းရေးမှူး ကိုနေလင်းအောင် က ပြောပါတယ်။

"အဖွဲ့အနေနဲ့ကတော့ အခုကန့်ကွက်နေပါပြီ။ တခြားအဖွဲ့အစည်းအတွေနဲ့ ပူးပေါင်းသွားဖို့ကတော့ အဖွဲ့ချုပ်မူဝါဒက ဘာမှန်းမသိရသေးပါဘူး။ ကျနော်တို့အနေနဲ့ ၅၆၀၀ တောင်းဆိုထားတာပါ။ ၄၈၀၀ က ကျနော်တို့ အလုပ်သမားတွေအနေနဲ့ လောက်ငှမှုမရှိဘူး။ အဲဒါကြောင့် ၅၆၀၀ ကျပ်ရဖို့ တောင်းဆိုနေတာပါ"လို့ ကိုနေလင်းအောင်က ပြောပါတယ်။

play

 

အနိမ့်ဆုံးအခကြေးငွေ သတ်မှတ်ရေးအမျိုးသားကော်မတီက အနိမ့်ဆုံးလုပ်ခလစာကို တစ်ရက် ၄၈၀၀ ကျပ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်က သတ်မှတ် အဆိုပြုခဲ့ပြီး အလုပ်သမားတွေဘက်က စစ်တမ်းကောက်ယူမှုအရ အလုပ်သမားတွေက တစ်ရက်အနိမ့်ဆုံးလုပ်ခလစာ ၅၆၀၀ ကျပ်သတ်မှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

အလုပ်ရှင်တွေဘက်ကတော့ တစ်ရက်ကို လေးထောင်ကျော်ပေးဖို့ သဘောထားထုတ်ပြန်ထားပြီး အဲဒီကန့်ကွက်ချက်တွေ အဆိုပြုချက်တွေအပေါ် ကော်မတီက လေ့လာစိစစ်ပြီး ရက်ပေါင်း ၆၀ အတွင်း ဖြေရှင်းကာ အစိုးရထံ အတည်ပြုနှုန်းထားတစ်ရပ် ပေးပို့ရမယ်လို့ ဆိုပါတယ်။

Source : RFA

Photos : gokumin

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video