AD
AD
AD
play

 

ဒီတစ်ပတ်အတွင်း ဓူဝံ၀က်ဘ်ဆိုက်မှာ လူကြည့်အများဆုံးဖြစ်ခဲ့တဲ့ပြည်တွင်း သတင်းကတော့ နှစ်သစ်ကူးကာလမှာ တပ်မတော်နောက်တန်းဌာနချုပ်တွေ တိုက်ခိုက်ခံရခဲ့တဲ့ သတင်းဖြစ်ပါတယ်။

KIA နဲ့ TNLA တပ်ဖွဲ့တွေက တပ်မတော်နောက်တန်း တပ်ဌာနချုပ်တွေကို  ၀င်ရောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်သည် ၂ ဦး ကျဆုံးသွားတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၃၀၊ ၂၆ နဲ့ ၂၄ ရက်တွေမှာ KIA တပ်ဖွဲ့တွေက တနိုင်းမြို့နယ်၊ ရှဒူဇွပ်ကျေးရွာရှိ နယ်မြေခံ နောက်တန်းတပ်ဌာနချုပ်နဲ့ လားရှိုး-မူဆယ်ပြည်ထောင်စု ကားလမ်းမကြီးအား လုံခြုံရေး ဆောင်ရွက်နေတဲ့ ကွတ်ခိုင်မြို့နယ်ထဲက ရင်ကွဲတောင်စခန်း၊ နမ့်ခိုင်စခန်းနဲ့ နမ့်ဖတ်ကာမြို့ရှိ နယ်မြေခံနောက်တန်း တပ်ဌာနချုပ်တို့ကို လာရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

play
ရွှေတိဂုံစေတီတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားမြင်ကွင်း။

 

နောက်ထပ်လူကြည့်များတဲ့ သတင်းတစ်ပုဒ်ကတော့ ရွှေတိဂုံစေတီတော် အနေကဇာတင်ပွဲ အဆင်မပြေမှုတွေကို ရန်ကုန်တိုင်းဝန်ကြီးချုပ် တောင်းပန်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။

ဇန်နဝါရီ ၁ ရက်က ကျင်းပခဲ့တဲ့ ရွှေတိဂုံစေတီတော် ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားမှာ လိုအပ်ချက်နဲ့ လစ်ဟာမှုတွေရှိခဲ့ရင် တောင်းပန်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့တာပါ။

အနေကဇာတင်အခမ်းအနားမှာ အားနည်းချက်၊ လိုအပ်ချက်နဲ့ လစ်ဟာမှုများရှိခဲ့ရင် ဒီလိုဖြစ်အောင် ရည်ရွယ်ဆောင်ရွက်ခြင်းမရှိခဲ့ တာကို  နားလည်ပေးဖို့ ဇန်နဝါရီ ၂ ရက်က ကျင်းပတဲ့ အောင်ပွဲအခမ်းအနားမှာ ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။

play
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ။

 

ကုန်ဈေးနှုန်းကျချင်ရင် ဟင်းတစ်မျိုးပဲစားလို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ပြောလိုက်တဲ့ သတင်းကလည်း ဒီတစ်ပတ်အတွက် လူပြောများတဲ့ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။

ဇန်န၀ါရီလ ၃ ရက်က သထုံမြို့မှာ ပြုလုပ်ခဲ့တဲ့ လူထုတွေ့ဆုံပွဲမှာ ပြည်သူတစ်ဦးက ကုန်ဈေးနှုန်းကြီးမြင့်နေတာနဲ့ ပတ်သက်ပြီးမေးမြန်းခဲ့တာကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ကုန်ဈေးနှုန်းကျစေချင် ဟင်းတစ်မယ်ပဲစားလို့ ပြန်ပြောခဲ့တာကြောင့် ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့ပါသေးတယ်။

ဒုစရိုက်သမားတွေကို ရှင်းလင်းမယ့် ၂၀၁၈ အတွက် "လင်းယုန်" စီမံချက် ဆိုတဲ့ သတင်းကလည်း လူကြည့်များတဲ့ သတင်းတစ်ပုဒ်ပါ။ ၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးထဲမှာ တရားဥပဒေ စိုးမိုးရေး၊ မှုခင်းကျဆင်းရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က လင်းယုန် စီမံချက်နဲ့ အဆင့်လေးဆင့်ခွဲပြီး စီမံချက်တွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

လင်းယုန်စီမံချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေ စိုးမိုးရေးအတွက် ခိုး ၊ဆိုး၊ လု၊ နှိုက်မှု ကျူးလွန်သူတွေကို ဖော်ထုတ်ဖမ်းဆီးခြင်း၊ အုပ်စုဖွဲ့ပြီး အများပြည်သူကို အနိုင်ကျင့် ဗိုလ်ကျသူများအား ဖမ်းဆီးအရေးယူခြင်း၊ ပြေး (၄)ပြေးများ ဖမ်းဆီးအရေးယူခြင်း၊ ဒုစရိုက်မှုများ ၊ လောင်းကစားမှုများ၊ မူးယစ်ဆေးဝါးမှုတွေကို ဖော်ထုတ်ဖမ်းဆီးတာတွေကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD