AD
AD
AD
play

 

မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုသာန်မှာ တွေ့ရှိခဲ့တဲ့ ရုပ်အလောင်း ၁၀ လောင်းက ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ ရုပ်အလောင်းတွေဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတချို့က သတ်ဖြတ်ခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇန်န၀ါရီလ ၁၀ ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အင်းဒင်ကျေးရွာသုသာန်မှာ ပုံပျက်နေတဲ့ ရုပ်အလောင်း ၁၀ လောင်းကို ၂၀၁၇ မြုပ်နှံထားတာကို ဒီဇင်ဘာ ၁၉ ရက်က အမည်မသိသူတစ်ဦးရဲ့ သတင်းပေးချက်အရ ဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်ဖို့ အင်းဒင်နယ်မြေရဲစခန်းမှာ လူသတ်မှု၊ ပူးပေါင်းကြံစည်မှု၊ သက် သေခံပစ္စည်းဖျောက်ဖျက်မှုတို့နဲ့ အမှုဖွင့်စစ်ဆေးခဲ့ကြောင်း ပြည် ထဲရေးဝန်ကြီးဌာနက ၂၀၁၇ ဒီဇင်ဘာ ၂၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်ကနေ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီ ၂ ရက်အထိ အင်းဒင်ကျေးရွာ အုပ်စုထဲက အခင်းဖြစ်ပွားခဲ့သည့်နေရာတွေကို သွားရောက်ပြီး တပ်မတော်သား သက်သေ ၂၁ ဦး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၃ ဦး၊ အမှတ်(၈) လုံခြုံရေးတပ်ဖွဲ့ခွဲ မှ တပ်ဖွဲ့ဝင် ၁၃ ဦး၊ အင်းဒင်ရွာသား ခြောက်ဦးနဲ့ ဌာနဆိုင်ရာဝန်ထမ်း ခြောက်ဦးတို့ကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ တကျော့ပြန် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့အချိန်မှာ အင်းဒင်ကျေးရွာသား ဦးမောင်နီကို လယ်တောသို့သွားတုန်းမှာ ဘင်္ဂါလီ အကြမ်းဖက်သမားတွေက ဖမ်းဆီးသတ်ဖြတ်ခဲ့လို့ ဦးမောင်နီရဲ့ မိသားစုဝင်တွေက ဘင်္ဂါလီတွေအပေါ် စိတ်နာကြည်းနေကာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဖမ်းမိထားတဲ့ ဘင်္ဂါလီ ၁၀ ဦးကို သတ်ဖြတ်မှုမှာ ဦးမောင်နီရဲ့ သားနှစ်ဦးအပါအ၀င် ရွာသားတချို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

play

 

အင်းဒင်ကျေးရွာကို ရောက်ရှိနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၁ ရက်မှာ နယ်မြေရှင်းလင်းနေတုန်း ဘင်္ဂါလီအကြမ်းဖက်အင်အား ၂၀၀ ဦးခန့်က တုတ်၊ ဓားတွေကိုင်ဆောင်ကာ ၀ိုင်းရံတိုက်ခိုက်ခဲ့လို့ သေနတ်မိုးဖေါက် သတိပေးတား မြစ်ခဲ့ပြီး ဘင်္ဂါလီတွေထွက်ပြေးလို့ လိုက်လံဖမ်းဆီးရာမျာ ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးကို  ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

လုပ်ထုံးလုပ်နည်းအရ အဆိုပါအကြမ်းဖက်သမားတွေကို ရဲစခန်းကိုအပ်နှံရမှာ ဖြစ်ပေမယ့် နယ်မြေလုံမှုမရှိသေးလို့ ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးကို ရဲစခန်းကို ပေးပို့နိုင်တဲ့ အခြေအနေမရှိတာကြောင့် သူတို့ကို သုဿန်ကို ခေါ်ဆောင်သတ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဖမ်းဆီးထားသူ ၁၀ ဦး ပဲ ရုံသုသာန်ရောက်ရှိချိန်တွင် ရွာသားတချို့က တောင်ကုန်းနှစ်ခုကြား လျှိုထဲမှာကျင်းတူးပြီးနောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၁၀ ဦးကို ကျင်းအတွင်း ဆင်းစေကာ ဦးမောင်နီရဲ့ သားနှစ်ဦးနဲ့  ရွာသားတစ်ဦးတို့က ဓားနဲ့ခုတ်ခဲ့ကာ ရုန်းရင်းဆန် ခတ်ဖြစ်နေတဲ့အချိန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်လေးဦးက သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်ခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ အင်းဒင်ကျေးရွာက ရွာသားတချို့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးကို သတ်ဖြတ်ခဲ့တာက မှန်ကန်ကြောင်း ၀န်ခံထွက်ဆိုသဖြင့် ပါဝင်ပတ်သက်သူ ရွာသားတွေနဲ့ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ (Rules of Engagement) ကို ချိုးဖောက်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် အဆိုပါဖြစ်ရပ်ကို အထက်ဌာနအဆင့်ဆင့်ကို တင်ပြခြင်းခဲ့တာမရှိလို့ ဖြစ်စဉ်မှာ တိုက်ရိုက်ပါဝင်ပတ်သက်မှုမရှိပေမယ့် ကွပ်ကဲဖို့ တာဝန်ရှိသူတွေကိုလည်း လိုအပ်သလိုဖော်ထုတ် အရေးယူ ဆောင်ရွက်မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Source & Photos : DSO

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD