play
မြို့တော်စည်ပင်က ရှင်းလင်းထားသည့် မြို့တွင်း နောက်ဖေးလမ်းကြားတစ်ခု။

 

ရန်ကုန်တိုင်းမြို့တွင်း မြို့နယ်တစ်ခုဖြစ်တဲ့ ကျောက်တံတားမြို့နယ်မှာ နောက်ဖေးလမ်းကြားတွေထဲကို စည်းကမ်းမဲ့အမှိုက်ပစ်တာတွကို ဒီလ (ဇန်န၀ါရီ) စပြီးအရေးယူသွားမယ့်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဓူဝံမီဒီယာကို ပြောပါတယ်။

နောက်ဖေးလမ်းကြားတွေထဲကို အမှိုက်ပစ်တာတွေကို တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေနဲ့တပ်ဆင်ထားတဲ့  CCTV ကင်မရာ ၃၅၀ ကျော်နဲ့ စောင့်ကြည့်ပြီး ပြစ်မှုကျူးလွန်သူတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့တော်စည်ပင်တာဝန်ရှိသူတွေနဲ့ ပူးပေါင်းကာ အရေးယူသွားမယ်လို့ ဆိုပါတယ်။

"စည်ပင်နဲ့က ချက်ချင်းအရေးယူလို့ရအောင် ဥပဒေထုတ်ဖို့ပြောထားတာ တစ်နှစ်ခွဲလောက်ရှိပြီ၊ မြို့တော်ဝန်ရဲ့ကော်မတီအစည်းအဝေးကို တင်ထားတယ်ပြောတယ်။ အခုထိတော့ ပြန်မကျလာသေးဘူး၊ အဲတော့ ခုရှိနေတဲ့ ဥပဒေအတိုင်းပဲ CCTV ကနေကြည့်ပြီး တရားစွဲခိုင်းသွားမယ်"လို့ ဒေါ်ကြည်ပြာက ပြောပါတယ်။

play

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရန်ကုန်မြို့တွင်းခြောက်မြို့နယ်က နောက်ဖေးလမ်းကြားတွေမှာ ပစ်ချထားတဲ့ အမှိုက်တွေကို ၂၀၁၇ ခုနစ် နှစ်ဆန်းပိုင်းကတည်းကစပြီး ရှင်းလင်းခဲ့ပေမယ့် နောက်ပိုင်းမှာ စည်းကမ်းမဲ့အမှိုက်ပစ်တာတွေ ပြန်လည်ပြုလုပ်နေကြတာကြောင့် ဥပဒေအရ အရေးယူတာတွေ ဆောင်ရွက်သွားမယ်လို့ မြို့တော်စည်ပင်တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေကို ၂၀၁၃ စည်ပင်သာယာရေးဥပဒေ ပုဒ်မ (၆၈) အရ ပြစ်မှုထင်ရှားလို့ တရားစွဲဆိုခံရရင် ဒဏ်ငွေ အနည်းဆုံး တစ်သောင်းကန အများဆုံး ငါးသိန်းအပြင် ထောင်ဒဏ်တစ်နှစ်အထိ ချမှတ်နိုင်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကနေ သိရပါတယ်။

Photos : PCCD

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video