AD
AD
AD

ရန်ကုန်မြို့သူ၊ မြို့သားတွေဟာ နေ့စဉ်သွားလာရာမှာ လိုရာခရီးကို အမြန်ဆုံး နဲ့ အချောမွေ့ဆုံး ရောက်နိုင်ဖို့ တက္ကစီကို အများဆုံးငှားစီးကြရပါတယ်။ တက္ကစီကို ခရီးသည် ၁ယောက်ကနေ ၄၊ ၅ယောက် အများဆုံး လိုက်ပါစီးနင်းကြပါတယ်။

တကယ်တော့ တက္ကစီယာဉ်မောင်းနဲ့ ခရီးသည်ဆိုတာ အရင်ကမသိကြတဲ့ သူစိမ်းတွေပါ။

play

 

ခရီးသည်တွေဘက်က လူအများနဲ့ ငှားစီးတဲ့ အချိန်မှာတော့  သိပ်သတိမထားမိတတ်ကြပေမယ့် တခါတလေမှာ တက္ကစီပေါ်မှာ မိမိနဲ့ ယာဉ်မောင်းနှစ်ဦးထဲ ဖြစ်တဲ့ အခါမှာ တစ်ယောက်အပေါ် တစ်ယောက် စိတ်ထဲမယုံသင်္ကာဖြစ်တတ်ကြပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၁ရက်နေ့က မြောက်ဒဂုံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ FDA ၀န်ထမ်း အမျိုးသမီးတဦး မုဒိန်းကျင့်ခံရပြီး သတ်ခံရမှု သတင်းကြောင့်ပြည်သူတွေကြားမှာ တက္ကစီယာဉ်မောင်းတွေအပေါ်  မသင်္ကာစိတ်တွေ၊ စိုးရိမ်ပူပန်စိတ်တွေ တိုးလာစေခဲ့ပါတယ်။  အဲဒီအမှုအကျဉ်းကို ခြုံပြောရရင် အသတ်ခံရတဲ့ မရွှေရည်ဝင်းဟာ တက္ကစီယာဉ်မောင်း မျိုးဇော်ဦးနဲ့ စကားများရာက ယာဉ်မောင်းကနေ သူ့ကို လည်ပင်းညှစ်၊ ၀က်အူလှည့်နဲ့ထိုးနောက်၊ မုဒိန်းကျင့်ခဲ့ပြီး၊ သေဆုံးသွားတဲ့အခါမှာ အလောင်းကို ငမိုးရိပ်ချောင်းဘေး သစ်ပင်အောက်မှာ စွန့်ပစ်ထားခဲ့တာဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ အမျိုးသမီးထုကြားမှာ ရွှေရည်ဝင်းကို သတ်တဲ့ တရားခံကို ထိထိရောက်ရောက် အရေးယူဖို့၊ မုဒိန်းမှုတွေမှာ တရားခံကို သေဒဏ်အထိအပြစ်ပေးဖို့အထိ ပြောသံတွေ ထွက်ပေါ်လာပါတယ်။

တက္ကစီသမားတွေကလည်း အခုဆို ခရီးသည်တွေက သူတို့ကို မယုံကြတော့ဘူးလို့ ပြောကြပါတယ်။

ဒါတွေဟာ မရွှေရည်ဝင်းအသတ်ခံရတဲ့ သတင်းထွက်ပေါ်လာပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ တက္ကစီအပေါ် စိန်ခေါ်မှုတွေလို့ ဆိုနိုင်ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလဒုတိယအပတ်မှာပဲ အင်းစိန်လမ်းမပေါ် နဲ့ သမိုင်းလမ်းဆုံအနီးမှာ တက္ကစီယာဉ်မောင်းကို ခရီးသည်က ဓားနဲ့ ထိုးသတ်ခဲ့တဲ့ အမှုဖြစ်ပွားခဲ့ပါတယ်။ အခင်းဖြစ်ပွားပုံမှာ ခရီးသည်ဖြစ်တဲ့ ကိုကိုနိုင်က သမိုင်းလမ်းဆုံအရောက်မှာ မီးပွိုင့်ကျော်သွားပြီးနောက် ပြန်လှည့်ပေးဖို့ ပြောဆိုရာက တဆင့် အငှားယာဉ်မောင်းနဲ့ စကားများရာက လုံးထွေးသတ်ပုတ်ခဲ့ကြရာက ဓားထိုးမှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ဒီအမှုကို ကြည့်ပြန်တော့လည်း တက္ကစီသမားတွေရဲ့ အသက်အန္တရယ်ကလည်း ခရီးသည်တွေနည်းတူ အရေးကြီးပါတယ်။

ရန်ကုန်မြို့မှာ တက္ကစီတွေဟာ နေ့စဉ်မနက် (၅)နာရီကနေ တချို့ဆို ညသန်းခေါင်အထိပြေးဆွဲကြပါတယ်။

ဒီနောက်ပိုင်းမှာ တက္ကစီသမားတွေဘက်ကလည်း ညမိုးချုပ်ရင် ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ တို့လိုဝေးတဲ့နေရာတွေဆို မလိုက်ရဲဘူးလို့ ပြောလာကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် အလယ်ပိုင်းကစပြီး ပြည်ပ တက္ကစီကုမ္ပဏီတွေဖြစ်တဲ့ Grab၊ UBER တို့ကို ခရီးသည်တွေက တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။

အဲဒီတက္ကစီတွေမှာတော့ ယာဉ်မောင်းတွေကို ကားနဲ့တွဲပြီး မှတ်ပုံတင်ထားတာဖြစ်ပါတယ်။ ခရီးသည်တော်တော်များများကတော့ သူတို့ရှိမယ့်နေရာကို ကားခေါ်လို့ရတဲ့အတွက်ရော၊ အဲကွန်းဖွင့်ပေးတဲ့အတွက်ရော၊ တက္ကစီသမားရဲ့ နာမည် နဲ့ ပုံပန်းသဏ္ဍန်ကို ကြိုမြင်နိုင်တဲ့အတွက် ဒီလိုတက္ကစီတွေကို စီးရတာကို ကြိုက်ကြပါတယ်။

တကယ်တော့ ဒုစရိုက်မှုပဲ ဖြစ်ဖြစ်၊ မတော်တဆမှုပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ အသက်အန္တရယ်ကို ကြိုတင်ကာကွယ်ဖို့ အထိရောက်ဆုံး နည်းလမ်းဆိုတာ မရှိနိုင်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ခရီးသည်တွေအနေနဲ့ လုံခြံမှုရှိဖို့ တက္ကစီစီးမယ်ဆိုရင် Application နဲ့ပဲ ခေါ်ခေါ်၊ လက်တားပြီးပဲ စီးစီး အရင်ဆုံး တက္ကစီပေါ်မတက်ခင်မှာ ကားအမျိုးအစားနဲ့ နံပါတ်ကို မှတ်သားထားပါ။ ဖြစ်နိုင်ရင် နောက်ခန်းကပဲ အမြဲစီးပါ။ ကားပေါ်တက်ရင်လည်း ကားမောင်းသမားဟာ ကားရှေ့ခန်းမှာတင်ထားတဲ့ မှတ်ပုံတင်ကဒ်ပြားပေါ်ကလူ ဟုတ်မဟုတ် သေချာကြည့်ပါ။ တနေရာရာသွားမယ်ဆိုရင် မိသားစုဝင်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတစ်ယောက်ယောက်ကိုပဲ ဖြစ်ဖြစ်အကြောင်းကြားထားပါ။

တက္ကစီသမားတွေအနေနဲ့လည်း ဒီအလုပ်ကို အသက်မွေးဝမ်းကျောင်းတစ်ခုအဖြစ်လုပ်ကိုင်နေတဲ့အခါမှာ စနစ်တကျ၊ စည်းကမ်းလိုက်နာပြီး အကောင်းဆုံးဝန်ဆောင်မှုပေးရမှာ တက္ကစီသမားတွေရဲ့ တာဝန်ဖြစ်သလို၊ ခရီးသည်နဲ့ နှစ်ဦးနှစ်ဖက် အပြန်အလှန်လေးစားမှုရှိဖို့လည်း လိုအပ်ပါတယ်။

ရန်ကုန်မြို့တွင်း အငှားယာဉ်အဖြစ် တရားဝင်မောင်းနှင်ခွင့် မှတ်ပုံတင်ထားတဲ့  တက္ကစီအစီးရေ ၇၀၀၀၀နီးပါးရှိပြီး အဲဒီထဲက တချို့က ပုဂ္ဂလိက တက္ကစီကုမ္ပဏီက ပြေးဆွဲတာဖြစ်ပါတယ်။

အဲဒီလောက် အရေအတွက်ရှိတဲ့ တက္ကစီတွေမှာ ခရီးသည်တွေ ဘေးကင်းလုံခြုံဖို့၊ ဒုစရိုက်မှုကင်းဖို့တာဝန်ရှိသူ အာဏာပိုင်တွေဘက်က ဘယ်လို စည်းကမ်းထိန်းချုပ်မှုတွေ၊ အရေးယူမှုတွေ လုပ်ဆောင်သင့်ပါသလဲ။

play

 

မရွှေရည်ဝင်း အသတ်ခံရပြီး ဇန်န၀ါရီလ နောက်ဆုံးအပတ်မှာတော့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက တက္ကစီကားမှန်တွေမှာ စတစ်ကာအမည်းကပ်တာ၊ လေစုပ်ခွက်ကပ်တာ၊ ကြော်ငြာကပ်ဆင်တာ နဲ့ လိုက်ကာ ကပ်ဆင်တာတွေကို ဖယ်ရှားဖို့ နဲ့ တတ်ဆင်ထားတာတွေ့ရင်လည်း ဖေဖော်ဝါရီလ ၁ရက်နေ့ကစပြီး လိုင်စင်ဖျက်သိမ်းတဲ့အထိ အရေးယူသွားမှာဖြစ်တယ်လို့ ထုတ်ပြန်လာပါတယ်။ အဲ့ဒီအကာအရံတွေကို အကာအကွယ်ယူပြီးမှုခင်းကျဆင်းရေးနဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကို လျစ်လျူရှုပြီး ဒုစရိုက်မှုကျူးလွန် တာတွေ ဖြစ်နေတာကြောင့် အဲဒီလို တပ်ဆင်ကာရံထားတာတွေကို အမြန်ဖယ်ရှားဖို့ ထုတ်ပြန်ထားပါတယ်။

ကားကြပ်လွန်းတဲ့ ရန်ကုန်မြို့မှာ ၀မ်းရေးအတွက် တက္ကစီဆွဲစားရတဲ့ ကားသမားတွေအတွက်ရော၊ ခရီးသည်တွေ လုံခြုံစိတ်ချစွာ သွားနိုင်ဖို့အတွက် လုပ်စရာတွေ အများကြီး ရှိသေးတယ်လို့ ဆိုရမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD