AD
AD
AD
play

 

မဘသဦးဆောင်ဆရာတော် ဦးဝီရသူရဲ့စေခိုင်းချက်အရ တရားလိုဦးကျော်မျိုးရွှေက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုထားသူ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအနေနဲ့ ဦးဝီရသူကိုတောင်းပန်ရင် အမှုကြေအေးပေးမယ်လို့ ပြောခဲ့ပေမယ့် ဦးဝီရသူကိုတောင်းပန်ဖို့ အစီအစဉ်မရှိဘူးလို့ ကိုဆွေဝင်းက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

"ဒီအမှုနဲ့ ပတ်သက်ပြီးတော့ တရားဥပဒေအတိုင်းပဲ ဆက်လက်ရင်ဆိုင်မယ်။ တောင်းပန်ဖို့ရာ ဘာအစီအစဉ်မှ မရှိဘူး။ အစ်ကိုကတော့ မတောင်းပန်နိုင်ဘူး။ တယူသန်လဲ မဟုတ်ဘူး။ ခေါင်းမာတာလည်း မဟုတ်ဘူး။ လူသတ်တာကို ထောက်ခံတယ်ဆိုတာ အမှားတစ်ခုပဲလေ။ အဲဒီအမှားကို အစ်ကိုတို့ကနေပြီးတော့ မှန်ကြောင်း ဘယ်လိုမှ ပြောပေးလို့ရတဲ့ ကိစ္စ မဟုတ်ဘူးလေ။ အဲဒါကြောင့် မတောင်းပန်နိုင်ဘူးလို့ ပြောတာ"လို့ ကိုဆွေဝင်းက ဓူဝံသတင်းဌာနကို ပြောပါတယ်။

နောက်လာမယ့် ရုံးချိန်းမှာ ဆရာတော် ဦးဝီရသူကို ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တောင်းပန်မယ်ဆိုရင် အမှုရုပ်သိမ်းမယ်လို့ တရားလို ကိုကျော်မျိုးဆွေက ပြောတယ်လို့လည်း ကိုဆွေဝင်းက ပြောပါတယ်။

play

 

ဦးကိုနီကို သတ်တဲ့သူတွေကို ဦးဝီရသူက ဘုရားလောင်းအဖြစ် ခိုင်းနှိုင်းပြီး ကျေးဇူးတင်တယ်ဆိုတဲ့ စကားကို မြန်မာနောင်းသတင်းထောက် တစ်ဦးက ဆရာတော်တစ်ပါးရဲ့ မိန့်ကြားချက်ဖြစ်တဲ့ လူသတ်တာကိုထောက်ခံတယ်ဆိုရင် လူဝတ်လဲပြီးအပြစ်ပေးနိုင်ပြီး ရဟန်းဝိနည်း သိက္ခာတွေကို ချိုးဖောက်တယ်ဆိုတဲ့ မိန့်ကြားချက်ကို ထည့်သွင်းရေးသားပြီးနောက်ပိုင်း ပုဒ်မ(၆၆-ဃ) နဲ့တရားစွဲဆိုတာ ခံခဲ့ရတာပါ။

လက်ရှိအချိန်မှာ တရားလိုဘက်က အမှုကို ရှုပ်ထွေးနေအောင် လုပ်ဆောင်လာတာတွေ ရှိနေပြီး တရားလိုဘက်ကနေ အမှုနဲ့မသက်ဆိုင်တဲ့ အချက်အလက်တွေ ထည့်သွင်းလာတယ်လို့ ဆိုပါတယ်။

"ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အကိုတို့လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာတွေကို ဖြတ်ကပ်ညှပ်လုပ်ပြီးတော့ ရုပ်သံဖိုင်ကို တရားရုံးမှာ တင်သွင်းတယ်။ ဒါက ရဲစခန်းမှာ အမှုဖွင့်ပြီးတိုင်ကြားတဲ့ အထဲမှာမပါတဲ့ အကြောင်းအရာ ဖြစ်နေလို့ အစ်ကို့ရဲ့ ရှေ့နေတွေက ကန့်ကွက်တယ်။ ကန့်ကွက်ပေမယ့်လည်း တရားသူကြီးက ရုပ်သံဖိုင်ကို လက်ခံလိုက်တယ်။ အဲဒါကြောင့် လက်မခံဖို့ မန္တလေးခရိုင်တရားရုံးကို အစ်ကို့ရှေ့နေ တွေက လျှောက်လှဲချက်တက်မယ်"လို့ အမှုနောက်ဆုံးအခြေနေနဲ့ပတ်သက်ပြီး ကိုဆွေဝင်းက ပြောပါတယ်။

ဦးဝီရသူ ပါရာဇိက ကျသွားတယ်လို့ ဖော်ပြထားတဲ့သတင်းကို ကိုဆွေဝင်းရဲ့လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ Ba Kaung အကောင့်မှာ ဖော်ပြခဲ့တာကြောင့် ဦးကျော်မျိုးရွှေက အမှတ်(၇) ရဲစခန်းမှာ ၂၀၁၇ ခုနှစ် မတ်လ ၇ ရက်နေ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်တိုင်ကြားခဲ့ပြီး ဖေဖော်ဝါရီလ ၁၃ ရက် ၁၈ ကြိမ်မြောက်ရုံးချိန်းအဖြစ် တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD