AD
AD
AD
play

 

လိင်အကြမ်းဖက်မှုတွေ ကျူးလွန်တဲ့သူတွေကို အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်ဖို့တောင်းဆိုဖို့ လူသုံးထောင်ကျော်ပါဝင်တဲ့ လှုပ်ရှားမှုကို ရန်ကုန်မြို့မျှော်စင်ကျွန်းမှာ လာမယ့် မတ်လ ၁၈ ရက်နေ့ကျရင် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပိုမိုများပြားလာတဲ့ လိင်အကြမ်းဖက်မှုတွေနဲ့ သက်ငယ်မုဒိမ်းမှုတွေ လျော့ကျစေဖို့အတွက် ပညာပေးလှုပ်ရှားမှုပြုလုပ်မယ့် အဲဒီလှုပ်ရှားမှုမှာ မုဒိမ်းမှု ကျူးလွန်သူတွေကို ထောင်ဒဏ်တိုးမြှင့်ပေးရေး၊ အခြားကြီးလေးတဲ့ ပြစ်ဒဏ်တွေထည့်သွင်းပေးရေးအတွက် လွှတ်တော်ထိတင်သွင်း တောင်းဆိုမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒီနေ့ (မတ်လ ၁၃ ရက်)နေ့လည် ၁ နာရီက ရန်ကုန်မြို့ဆရာစံပလာဇာမှာ ပြုလုပ်ခဲ့တဲ့ "လိင်အကြမ်းဖက်မှုပပျောက်ရေး၊ ကြီးလေးပြစ်ဒဏ်ချမှတ်ပေး" ဆန္ဒပြုခြင်းနဲ့ မျှဝေဆွေးနွေးခြင်း စာနယ်ဇင်းရှင်းလင်းပွဲအခမ်းအနားမှာ ပါဝင်ဆွေးနွေးသူတွေက အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။

play

 

“သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ဥပဒေပြုနိုင်ဖို့ လူထုအားနဲ့ တိုက်တွန်းမှာပါ။ လွှတ်တော်၊ အစိုးရတာဝန်ရှိသူတွေကို လက်ရှိရေးဆွဲပေးထားတဲ့ ဥပဒေကြမ်းတွေမှာ လိုချင်တဲ့ အချက်တွေပါနေပြီဆိုရင် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လူထုအများနဲ့ ၀ိုင်းဝန်းတိုက်တွန်းသွားမှာပါ” လို့ လိင်အကြမ်းဖက်မှုရပ်အဖွဲ့မှ ကိုဇေယျာထွန်းက ပြောပါတယ်။

ဒါ့အပြင် ပြစ်ဒဏ်တိုးမြှင့်ပေးဖို့ ဦးဆောင်နေတဲ့ လွတ်တော်အမတ်တွေ၊ သက်ငယ်မုဒိမ်းမှုမှာ ကလေးငယ်စော်ကားခဲ့ရပြီး အသတ်ခံခဲ့ရတဲ့ မိသားစုဝင်တွေရဲ့ စကားသံ၊ လိင်အကြမ်းဖက်မှု ခံခဲ့ရတဲ့သူတွေရဲ့ စကားသံတွေကိုလည်း ထည့်သွင်းသွားမှာဖြစ်ပြီး ကလေးငယ်တိုင်း သိထားသင့်တဲ့ အကြမ်းဖက်မှုပပျောက်ရေးနဲ့ သက်ဆိုင်တဲ့ ကဗျာတွေရွတ်ဆိုပြီး ဆုတောင်းပွဲပြုလုပ်သွားမယ်လို့ သိရပါတယ်။

အခုပြုလုပ်မယ့် လိင်အကြမ်းဖက်မှု ပပျောက်ရေးလှုပ်ရှားမှုကို ၂၀၁၆ ခုနှစ်တုန်းက လုပ်ဆောင်ခဲ့ဖူးပြီး ဆက်လက်ပြုလုပ်မယ်အစီအစဉ်မှာလည်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးဝန်ကြီး၊ အနုပညာရှင်တွေနဲ့ ပရဟိတအဖွဲ့အစည်းတွေအပြင် မည်သူမဆို လာရောက်ပူးပေါင်းနိုင်တယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD