AD
AD
AD
play

 

ကျောင်းသားသမဂ္ဂမှာ ပါဝင်နေလို့ တပ်အတွင်း ၀င်၊ထွက် သွားလာခွင့် ပိတ်ပင်ခဲ့တာခံခဲ့ရတဲ့ ပခုက္ကူတက္ကသိုလ်ကျောင်းသားသမဂ္ဂ အထွေထွေအတွင်းရေးမှူး  ကိုသက်မောင်မောင်က ကျောင်းသားသမဂ္ဂလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်သွားမယ်လို့ ပြောဆိုခဲ့ပြီး တပ်မတော်ရဲ့သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့ ပြောလိုက်ပါတယ်။

တပ်မတော်မှ တပ်ကြပ်တစ်ဦးရဲ့ သားဖြစ်သူ ပခုက္ကူတက္ကသိုလ်ကျောင်းသား သမဂ္ဂအထွေထွေအတွင်းရေးမှူး  ကိုသက်မောင်မောင်ကို ကျောင်းသားသမဂ္ဂမှာ ဆက်လက်ပါဝင်နေလို့ အမှတ် (၂၅၆) ခြေလျင်တပ်ရင်းအပါအ၀င် မည်သည့်တပ်မှ ၀င်၊ထွက်ခွင့် မပြုဖို့ အမှတ် (၁၀၁) ခြေမြန်တပ်ဌာနချုပ်က ညွန်ကြားချက်ထုတ်ပြန်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့တာပါ။

“ကျွန်တော့်ကို တပ်ထဲမှာမထားဖို့ဆိုပြီး သူတို့ကလက်မှတ်ထိုးခိုင်းပြီး အဖေက သဘောတူတယ်ဆိုတာကလည်း လုံးဝ မဖြစ်နိုင်ဘူး။ ဖေဖော်ဝါရီ ၂၄ ရက်နေ့တုန်းက အဖေနဲ့ အဆက်အသွယ်ရတယ်။ ကျွန်တော်က ကျောင်းသားသမဂ္ဂမှာ အမှုဆောင်သက်တမ်းကုန်ဆုံးတော့မှာမို့ ဆက်လုပ်သွားမယ်လို့ပြောတော့ အဖေက သဘောတူခဲ့တယ်။ အဲဒီနောက်ပိုငိးမှာ အဖေကရှေ့တန်းရောက်နေလို့ ဒီနေ့ထိတော့ အဆက်အသွယ်မရသေးပါဘူး"လို့ ကိုသက်မောင်မောင်က ဓူဝံ မီဒီယာကို ပြောပါတယ်။

play

 

အမှတ် (၂၅၆) ခြေလျင်တပ်ရင်းမှ တာဝန်ရှိသူအရာရှိတစ်ဦးကွပ်ကဲတဲ့ တပ်ရင်းမှာ တက္ကသိုလ်တက်ရောက်နေတဲ့ မှီခိုသူသားသမီးနဲ အုပ်ထိန်းသူတွေကို တက္ကသိုလ်မှာ အေးချမ်းစွာ ပညာသင်ကြားရေးအတွက် ပညာပေးဆွေးနွေးခဲ့ပြီး ထုတ်ပြန်ထားတဲ့ အမိန့်ညွန်ကြားချက် တွေကို သိရှိလိုက်နာဖို့ ရှင်းပြခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကိုသက်မောင်မောင်က လာမယ့် မတ်လ ၁၅ ရက်နေ့ကျရင် မြန်မာနောင်းမ်းရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်သွားမယ်လို့ ပြောပါတယ်။

“ဒီထုတ်ပြန်ချက်က တပ်မတော်အနေနဲ့လုံးဝမဖြစ်သင့်ပါဘူး။ မနက်ဖန်သတင်းစာရှင်းလင်းပွဲမှာတော့ တပ်မတော်ရဲ့ သဘောထားကို ပြန်ပြီးတော့ တုံ့ပြန်သွားဖို့ရှိပါတယ်” လို့ ကိုသက်မောင်မောင်က ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD