လာမယ့် မဟာသင်္ကြန်ကာလမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေပြတ်လပ်မှုမရှိစေဖို့ မြို့နယ်တချို့မှာ ရေပေးချိန် နှစ်ချိန် ပိုပေးမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ကနေ သိရပါတယ်။
"တချို့မြို့နယ်တွေဆိုရင် တစ်နေ့ကို တစ်ချိန်ပဲပေးတာကနေ သင်္ကြန်အတွင်းမှာ နှစ်ချိန်ပေးမယ်။ မနက် ၈ နာရီကနေ မနက် ၁၁ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၃ နာရီကနေ ညနေ ၆ နာရီ အထိ တစ်ကြိမ်ပေးဖို့ စီစဉ်ထားတာပါ” လို့ ရေနှင့်သန့်ရှင်းမှု ဌာနမှ ဌာနမှုး ဦးအောင်ဆန်းဝင်း က ဓူဝံ မီဒီယာကို ပြောပါတယ်။
ဒါ့အပြင် ရေကစားမဏ္ဍပ်ကြီးတွေမှာ ရေသုံးစွဲခွင့်နဲ့ ပတ်သတ်ပြီး မတ်လ ၁၅ ရက်ကနေ ဧပြီလ ၁၃ ရက်နေ့အထိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ကို ယာယီရေသွယ်ခွင့်ပြုမိန့် လျှောက်ထားနိုင်ပြီး ရေဆက်သွယ်ခ၊ ရေသုံးစွဲခွင့်၊ ရေပေးချိန်တွေကိုတော့ ပြီးခဲ့တဲ့ နှစ်သင်္ကြန်ကာလအတိုင်းသာ ခွင့်ပြုပေးသွားမယ်လို့ သိရပါတယ်။
ယခုနှစ်မှာ ရေကစားမဏ္ဍပ်တွေ အရင်နှစ်တွေကထက် ပိုမိုခွင့်ပြုထားပြီး လမ်းလျှောက်သင်္ကြန်ကိုလည်း ပထမဆုံးအကြိမ် ကျင်းပဖို့ စီစဉ်ထားတာကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ချထားပေးမယ့်နေရာတွေ အပေါ်မူတည်ပြီး ရေပေးဝေဖို့ စီစဉ်ထားတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ကနေ သိရပါတယ်။
ဒီနှစ် သင်္ကြန်မှာ ရန်ကုန်ုတိုင်းဒေသကြီးအတွင်း စီးပွားဖြစ်မဏ္ဍပ်တွေကို ပြန်လည် ဆောက်လုပ်ခွင့်ပြုမှာဖြစ်ပြီး မဏ္ဍပ်ပေါင်း ၉၀ ကျော် ခွင့်ပြုပေးသွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။
Photos : GoMyanmar