AD
AD
AD
play

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ဒုတိယသမ္မတအဖြစ် ဦးဝင်းမြင့်ကို ပြည်သူ့လွှတ်တော်က ဒီနေ့ ရွေးချယ်တင်မြှောက်လိုက်ပါတယ်။

ဒီနေ့ပြုလုပ်ခဲ့တဲ့ ဒုတိယသမ္မတရွေးချယ်ပွဲမှာ ဒုတိယသမ္မတလောင်းတွေအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးသောင်းအေးနဲ့ NLD ပါတီက ဦးဝင်းမြင့်တို့ကို အဆိုပြုခဲ့ကြတာဖြစ်ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆန္ဒမဲပေးသူစုစုပေါင်း ၃၀၄ ဦးရှိပြီး ဦးဝင်းမြင့်ကို ထောက်ခံမဲအရေအတွက် ၂၇၃ မဲနဲ့ ဒုသမ္မတအဖြစ် တင်မြှောက်လိုက်တာ ဖြစ်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်ဒုသမ္မတလောင်းရွေးကောက်ပွဲမှာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေကပဲ မဲပေးခွင့်ရှိတာဖြစ်လို့ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း မတက်ရောက်ခဲ့ပါဘူး။

play

 

ဒုတိယသမ္မတဖြစ်လာတဲ့ ဦးဝင်းမြင့်က NLD ပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ညောင်ချောင်းကျေးရွာမှာ ၁၉၅၁ ခုနှစ်က မွေးဖွားခဲ့သူဖြစ်ပါတယ်။ ပုသိမ်မြို့အမှတ် ၆ အထက်တန်းကျောင်းမှာ ပညာသင်ကြား ခဲ့ပြီး ရန်ကုန်ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်မှာ ဥပဒေဘွဲ့ကို ရရှိခဲ့ကာ တရားလွှတ်တော်ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ဘူးပါတယ်။

ဦးဝင်းမြင့်က ၁၉၉၀၊ ၂၀၁၂ နဲ့ ၂၀၁၅ ရွေးကောက်ပွဲ သုံးခုလုံးမှာ အနိုင်ရခဲ့တဲ့ ဒီချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာတော့ ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော်ဥက္ကဌ ဖြစ်လာပါတယ်။

လာမယ့် မတ်လ ၃၀ ရက်နေ့မှာတော့ ဒုတိယသမ္မတတွေဖြစ်တဲ့ ဦးဝင်းမြင့်၊ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူတို့ သုံးဦးထဲက နိုင်ငံတော်သမ္မတနေရာကို ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်မှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD