AD
AD
AD
play

 

ဦးဝင်းမြင့်ကို ၁၉၅၁ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ  အဖဦးထွန်းကြင်၊ အမိဒေါ်သန်းတို့က ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာမှာ မွေးဖွားခဲ့ပါတယ်။ ညောင်ချောင်းကျေးရွာ မူလတန်းကျောင်း၊ ဓနုဖြူအထက်တန်းကျောင်း၊ အမှတ်(၆)ပုသိမ် အထက်တန်းကျောင်းနဲ့ ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တို့မှာ ပညာသင်ကြားခဲ့ပြီး B.Sc (Geology), H.G.P, R.L ဘွဲ့တွေ ရရှိခဲ့ပါတယ်။

ဦးဝင်းမြင့်က အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ တာဝန်တွေကို ဓနုဖြူမြို့နယ်မှာထမ်းဆောင်ခဲ့ပြီး NLD ပါတီရဲ့ ဓနုဖြူမြို့နယ်စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူးနဲ့ ဗဟိုအလုပ်အမှုဆောင်တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့သူပါ။

တက္ကသိုလ်ကျောင်းသားဘ၀ကနေစပြီး နိုင်ငံရေးနယ်ပယ်ထဲကို စတင်ဝင်ရောက်ခဲ့ကာ ၁၉၈၈ လူထုအရေးတော်ပုံမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တာကြောင့် အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို သုံးကြိမ်တိုင်တိုင် ခံခဲ့ရပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ၁၉၉၅ ခုနှစ်မှာ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ အတွင်းရေးမှူးနဲ့ ၂၀၁၀ ခုနှစ်မှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြန်ပြီး တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်း ရေးကော်မတီ အတွင်းရေးမှူး၊ ၂၀၁၄ ခုနှစ်မှာ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်မဲဆန္ဒနယ်မှာ ထပ်မံရွေးချယ်ခံအနိုင်ရပြီး ပြည်သူ့လွှတ်တော်ဥက္ကဌဖြစ် ရွေးကောက်ခံရလို့ ၃ ကြိမ်တိုင် (၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅) ရွေးကောက်ခံရတဲ့ ပြည်သူ့ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။

ဦးဝင်းမြင့်က ရွေးကောက်ပွဲကတိက၀တ်များတွေဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးတွေကိုလည်း တတ်စွမ်းသမျှ အကောင်အထည်ဖော်ခဲ့ကာ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၁ ရက်မှာ ပြည်သူ့လွှတ်တော်ဥက္ကဌတာဝန်ကနေ နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD