AD
AD
AD
play

 

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ယူဝမ်းမြောက်ကြောင်းသ၀ဏ်လွှာ ဒီနေ့ (မတ်လ ၂၉)ရက်မနက်ပိုင်းက ပေးပို့ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

"၂၀၁၈ ခုနှစ်၊ မတ် ၂၈ ရက်နေ့၊ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ကျင်းပပြုလုပ်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲ၌ ဦးဝင်းမြင့်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အောင်မြင်စွာဆောင်ရွက်နိုင်ပါစေရန် ဆုမွန်ကောင်း တောင်းပါကြောင်း"လို့ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတရှီကျင်းပင်ကလည်း နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်တာခံခဲ့ရတဲ့ ဦးဝင်းမြင့်ဆီကို မတ်လ ၂၈ ရက်နေ့က ၀မ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့ပါတယ်။

"အဆွေတော် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတကြီးအဖြစ်ရွေးချယ်ခံရကြောင်း သိရှိရသည့်အတွက် ကျွန်ုပ်သည် အဆွေတော်ထံသို့ လှိုက်လှဲစွာဝမ်းမြောက်ကြောင်း ဂုဏ်ပြုလွှာပို့သလိုပါသည်။ အဆွေတော်၏ ဦးဆောင်မှုအောက်တွင် မြန်မာအစိုးရနှင့် ပြည်သူပြည်သားများသည် တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းကာကွယ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက်တွန်းအားပေးရေး၊ နိုင်ငံတကာ နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ ရေး အစရှိသည့်နယ်ပယ်များ၌ အောင်မြင်မှုအသစ်များရရှိနိုင်မည်ဟု ကျွန်ုပ်ယုံကြည်ပါသည်"လို့ သ၀ဏ်လွှာရဲ့အစပိုင်းမှာ ပါရှိပါတယ်။

မြန်မာနိုင်ငံရဲ့(၁၀)ဦး မြောက်သမ္မတအဖြစ်ရွေးချယ်ခံရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း တရုတ်နဲ့ အမေရိကန်နိုင်ငံတွေ အပါအဝင် နိုင်ငံတကာကရော ပြည်တွင်းကပါ ဂုဏ်ပြုခဲ့ကြပါတယ်။

Photo : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD