ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်က ရွေးမြစ်ပေါ်မှာဆောက်လုပ်ထားတဲ့ မြောင်းမြကြိုးတံတားက ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်မနက် ၁ နာရီ ၄၅ မိနစ်လောက်မှာ ပြတ်ကျခဲ့လို့ ကားတစ်စီးမြစ်ထဲပြုတ်ကျသွားပြီး လူနှစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
"မနက် ၁ နာရီ ၄၅ မိနစ်လောက်က ဖြစ်သွားတာ၊ လူအသေအပျောက်က နှစ်ယောက်ရှိတယ်၊ ကြက်စာတင်တဲ့ကုန်ကားတစ်စင်းပါသွားတယ်၊ ယာဉ်နောက်လိုက်နဲ့ ယာဉ်မောင်းပါသွားတာ။ မြန်မာနိုင်ငံမှာ ပထမဆုံးဆောက်တဲ့ ကြိုးတံတားလည်းဖြစ်တယ်၊ ပြီးတော့ ဒီကြိုးတံတားကလည်း သက်တမ်းကုန်နေပြီ"လို့ မြောင်းမြမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်ဝင်းက ဓူဝံကို ပြောပါတယ်။
၁၉၉၆ ခုနှစ် မတ်၂၇ မှာ ဖွင့်လှစ်အသုံးပြုခဲ့ပြီး နှစ်ပေါင်း ၂ဝ ကျော်ကြာမြင့်နေပြီဖြစ်တဲ့ အဆိုပါကြိုးတံတားက နာဂစ်ကာလမှာလည်း အရေးပေါ်အခြေအနေကြောင့် တံတားခံနိုင်ဝန်ထက်ပိုတဲ့ ကယ်ဆယ်ရေးယာဉ်တန်းတွေ ဖြတ်သန်းခဲ့တာကြောင့် တံတားမှာ ပိုမိုပျက်စီးခဲ့ရပြီး လက်ရှိအချိန်မှာ ယာဉ်တစ်စီးခွင့်ပြုတန်ချိန်ကို ၆ဝ ကနေ တန်၂ဝ အထိလျှော့ချပြီး ခွင့်ပြုထားခဲ့ရတာတွေကြောင့် ခံနိုင်ရည်ဝန်အား ၈ဝ ရာခိုင်နှုန်းကျော်ကျဆင်းကာ အန္တရာယ်ရှိတံတားအဖြစ်သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အဆိုပါတံတားအစား ဆောက်လုပ်ရေးပြည်ထောင်စုဝန်ကြီးဌာနက တန် ၆ဝ ခံနိုင်ဝန်ရှိတဲ့ တံတားအသစ်တစ်စင်းကို မူလကြိုးတံတားဟောင်းနဲ့ ယှဉ်ပြီး နှစ်လမ်းသွားသံကူကွန်ကရစ်တံတားအသစ် ဆောက်လုပ်နေတဲ့ အချိန်မှာအခုလို ပြိုကျခဲ့တာ ဖြစ်ပါတယ်။