AD
AD
AD
play

 

လာမယ့် ၂၀၁၈ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှာ ကျရောက်မယ့် မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်အတွက် နှစ်သစ်ကူးသင်္ကြန်သင်္ကြန်ပွဲတော်က ထူးခြားမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီနှစ်သင်္ကြန်ပွဲတော်ကို မြန်မာနိုင်ငံအရပ်ရပ်က မြို့ကြီးတွေ အရင်နှစ်တွေနဲ့မတူ တမှုထူးခြားအောင် ကျင်းပဖို့ စီစဉ်နေကြပါတယ်။

စီးပွားရေးမြို့တော်ရန်ကုန်မှာ ဒီနှစ်သင်္ကြန်ပွဲတော်ကို လမ်းလျောက်သင်္ကြန်၊ စတုဒီသာမဏ္ဍပ်တွေနဲ့ ထူးထူးခြားခြားဖြစ်အောင်ကျင်းပဖို့ စီစဉ်ထားသလို ယဉ်ကျေးမှုမြို့တော် မန္တလေးမှာလည်း တောသင်္ကြန်၊ စစ်ကိုင်းတိုင်းမုံရွာမြို့မှာ ချင်းတွင်းသင်္ကြန်နဲ့ တခြားမြို့ကြီးတွေမှာလည်း ပုံစံမျိုးစုံနဲ့ ကျင်းပဖို့ စီစဉ်နေကြပါတယ်။

မြန်မာနိုင်ငံတနံတလျားမှာ ကျင်းပမယ့် ၁၃၈၀ ပြည့်နှစ် နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို မြန်မာနိုင်ငံထဲက မြို့ကြီးတွေမှာ ဘယ်လိုကျင်းပကြမလဲ ဆိုတာ ဓူဝံပရိသတ်တွေအတွက် စုစည်းတင်ပြပေးလိုက်ပါတယ်။

play

 

ရန်ကုန်မြို့ရဲ့ လမ်းလျောက်သင်္ကြန်

ဒီနှစ် ရန်ကုန်သင်္ကြန်ကိုတော့ အရင်နှစ်တွေနဲ့ မတူဘဲ စီးပွားဖြစ်မဏ္ဍပ်တွေ ပြန်လည်တည်ဆောက်ဖို့ ခွင့်ပြုခဲ့သလို လမ်းလျောက် သင်္ကြန်ကိုလည်း ပထမဦးဆုံးအကြိမ် ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီနှစ်သင်္ကြန်ပွဲမှာ ပုဂံခေတ်၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်၊ မျက်မှောက်ခေတ်စတဲ့ ခေတ်လေးခေတ်က အပြင်အဆင် ဒီဇိုင်းတွေကို ကျောက်တံတားမြို့နယ်ထဲက ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်းစတဲ့ လမ်းလေးလမ်းမှာ ခေတ်တစ်ခုစီရဲ့ မဏ္ဍပ်အပြင်အဆင်နဲ့ စီစဉ်သွားမယ်လို့ သိရပါတယ်။

ခေတ်လေးခေတ်ဖြစ်တဲ့ ပုဂံခေတ်၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်၊ မျက်မှောက်ခေတ်စတဲ့ ခေတ်တစ်ခုချင်းစီတိုင်မှာ အဲ့ဒီခေတ်နဲ့ သက်ဆိုင်တဲ့ အပြင်အဆင်တွေ၊ ၀တ်စားဆင်ယင်မှုတွေ၊ ရေပက်ဖျန်းမှုတွေ၊ ဖျော်ဖြေတင်ဆက်မှုတွေ၊ ဓလေ့ထုံးတမ်းတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

ဒီနှစ်ကျင်းပမယ့် ရန်ကုန်သင်္ကြန်ပွဲတော်ကို အရင်နှစ်တွေထက် ပိုပြီးစည်စည်းကားကားကျင်းပမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောထားပြီး  ရန်ကုန်မြို့မှာ ဖျော်ဖြေရေးမဏ္ဍပ်နဲ့ ရေကစားမဏ္ဍပ်ပေါင်း ၆၆ ခု ကို ပါရမီလမ်း၊ ဝေဇယန္တာလမ်း၊ မင်းဓမ္မလမ်း၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ပြည်လမ်း၊ ဗိုလ်ချုပ်လမ်း၊ ကုန်သည်လမ်းနဲ့ ကြည့်မြင်တိုင်ကမ်းနားလမ်းတို့မှာ ဆောက်လုပ်ခွင့်ပေးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အရင်တုန်းက တခါမှမလုပ်ဘူးတဲ့ လမ်းလျောက်သင်္ကြန်နဲ့ စတုဒီသာကြွေးမွေးတာတွေကိုလည်း မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီးမြေပဒေသာကျွန်း၊ ကန်တော်မင်ပန်းခြံနဲ့ သခင်မြပန်းခြံတို့မှာ တိုင်းအစိုးရအစီအစဉ်နဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။

play
၂၀၁၇ မန္တလေးလမ်းလျောက်သင်္ကြန် မြင်ကွင်း။

 

ရွှေမန်းမြို့က လမ်းလျောက်သင်္ကြန် ၊ တောသင်္ကြန်ညဈေး

ဒီနှစ်ရဲ့ မန်းသင်္ကြန်ကိုလည်း အရင်နှစ်တွေလိုပဲ တမှုထူးခြားအောင်ကျင်းပဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က သင်္ကြန်ကို လမ်းလျောက်သင်္ကြန်ကို ပထမဆုံးထည့်သွင်းကျင်းပခဲ့တဲ့ ဒီခုနှစ် မန္တလေးသင်္ကြန်ပွဲတော်မှာလည်း လမ်းလျှောက်သင်္ကြန်သာမက အညာကျေးလက် ရသအသွင်ပုံဖော်မယ့် တောသင်္ကြန်ညဈေးကိုလည်း ကျုံးအရှေ့ဘက် ( ၆၆ လမ်း၊ ၁၉ လမ်းနှင့် ၂၄ လမ်းကြား) မှာ တိုးချဲ့ကျင်းပဖို့ စီစဉ်ထားပါတယ်။

သင်္ကြန်ကာလ ညပိုင်းမှာဧည့်သည်တွေ ပျော်ရွှင်စေနိုင်ဘို့ စီစဉ်ထားတဲ့ တောသင်္ကြန်ညဈေးမှာ  ညနေပိုင်းကစလို့ပြီး မြန်မာ့ရိုးရာနဲ့မန္တလေးရဲ့နာမည်ကြီး စားသောက်ဖွယ်ရာတွေကို သန့်ရှင်းစိတ်ချစွာ စားသုံးနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

နောက်ပြီး မန္တလေးသင်္ကြန်မှာ မြန်မာကာတွန်းဆရာ တွေရဲ့ ကာတွန်းလက်ရာကောင်းတွေကို ပြသမယ့် အရေစိုခံကာတွန်းပြကွက်ကို လမ်းလျှောက်သင်္ကြန်မှာ စီစဉ်ထားပြီး လာရောက် ကြည့်ရှုသမျှ ပရိသတ်အားလုံးကို ကာတွန်းစတုဒိသာ ကျွေးမွေးဧည့်ခံမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် 

ဓာတ်ပုံရိုက်ဝါသနာ ပါသူတွေအတွက်လည်း Selfie ရိုက်လို့ရမယ့် အမှတ်တရ နေရာလေးတွေကိုလည်း ဖန်တီးပေးထားဦးပေးမှာဖြစ်ပြီး ကျုံးအနောက်ဘက်နဲ့ မြောက်ဘက်မှာ မိသားစုရေကစားတဲ့နေရာတွေလည်း စီစဉ်ပေးဦးမှာပါ။ မနော်ရမ္မံကွင်းမှာလည်း မနှစ်ကလိုပဲ လူငယ်တွေ လွတ်လွတ်လပ်လပ် ရေကစားပျော်ပါးဖို့အတွက် လူငယ်တွေအကြိုက် နာမည်ကျော်တီးဝိုင်း၊ အဆိုတော် တွေရဲ့ ဖျော်ဖြေမှုတွေပါဦးမှာ ဖြစ်ပါတယ်။

play
ချင်းတွင်းသင်္ကြန်ကျင်းပမည့်နေရာကို ဝေဟင်ကနေတွေ့ရစဉ်။

 

စစ်ကိုင်းက ချင်းတွင်းသင်္ကြန်ပွဲတော်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းမြစ် သဲသောင်ပြင်ပေါ်မှာ လာမယ့် ဧပြီလ (၁၁) ရက်ကနေ (၁၇) ရက်အထိ ချင်းတွင်းသင်္ကြန်ပွဲတော်ကို ပထမဆုံးအကြိမ် ကျင်းပသွားမှာဖြစ်ပြီး ဒီပွဲတော်ကို Dry Zone၊ Beach Zone၊ Wet Zone နဲ့ Play Zone ဆိုပြီး လေးပိုင်းခွဲကာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီပွဲတော်မှာ သင်္ကြန်ယိမ်းအကတွေ၊ တိုင်းရင်းသားရိုးရာဓလေ့၊ လက်မှုပညာနဲ့ ဒေသထွက်ကုန်ပြခန်းတွေ၊ သဲပန်းပုပြခန်းတွေ၊ Paramotor ခေါ် ကျောပိုးစက်ကို အသုံးပြုပြီး ပျံသန်းတာတွေအပြင် ဆိုင်ကယ်စတန့်ပြပွဲတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

ချင်းတွင်း သင်္ကြန်ပွဲတော်ကို ချင်းတွင်းမြစ်နံဘေး သဲသောင်ပြင်ပေါ်မှာ ပထမဆုံးကျင်းပတာခဲ့တာဖြစ်ပြီး စစ်ကိုင်တိုင်းဒေသကြီးထဲက ဒေသထွက်ကုန်တွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ခရီးသွားလုပ်ငန်းတွေ ပိုမိုတိုးတက်လာစေမယ်လို့လည်း ဦးမြင့်ကြည်က ပြောပါတယ်။

ချင်းတွင်းသင်္ကြန်ပွဲတော်လာရောက်သူတွေကို ၀င်ကြေးကောက်ခံမှာ မဟုတ်ဘဲလာရောက်ဆင်နွဲလိုသူတွေအနေနဲ့ ကား၊ ဆိုင်ကယ်တွေကို သတ်မှတ်ထားတဲ့ နေရာတွေမှာထားကာ ခြေလျင်လာရောက်ကစားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

မကွေးမြို့က လမ်းလျောက်သင်္ကြန်

မြေလတ်ဒေသမကွေးတိုင်းမှာလည်း လမ်းလျောက်သင်္ကြန်အစီအစဉ်တွေ ထည့်သွင်းကျင်းပသွားမှာပါ။ မကွေးလမ်းလျှောက်သင်္ကြန်ကို ကမ်းနားလမ်း ကျောက်တုံးဥယျာဉ်ကနေ မဲထီးလမ်းထိ ပေ(၂၄၀၀)ခန့်အတွင်း ကျင်းပမှာဖြစ်ကာ အလျားပေ(၂၀)၊အနံ(၈)ပေအကျယ် ရေပက်မဏ္ဍပ်ငယ်(၃၄)ခု၊ ရေကစားမဏ္ဍပ်တွေကြားမှာ တွင် စတုဒိသာ မဏ္ဍပ်(၁၅)ခု ၊ ဖျော်ဖြေရေးမဏ္ဍပ်ကြီးနှစ်ခုနဲ့ မိုးအတု ရေပက်ဖျန်းမယ့် နေရာ(၁၀)ခုတို့ ပါဝင်မှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ ရေပုတ်ကြီး ကျေးရွာက ဆံရစ်ဝိုင်းကလေးတွေ အယောက်(၂၀)က မြန်မာ့ကျေးလက်ပုံစံ အင်္ကျီဆင်တူလေးတွေနဲ့ ရေကစားတာတွေ၊  ဘေးမှာ သနပ်ခါး ကျောက်ပြင်လေးတွေချထားပြီး သနပ်ခါးလေးတွေလိမ်းပေးမယ့် သူတွေရှိမှာပါ။ ဒါ့အပြင် လှေဝမ်းထဲမှာရေဖြည့် ပြီး ငွေဖလားနဲ့ပက်မယ့် ရခိုင်တိုင်းရင်းသားပုံစံ သင်္ကြန် မဏ္ဍပ်လည်း ထားရှိပေးသွားမယ်လို့ ဆိုပါတယ်။

တောင်ကြီး သင်္ကြန်ပွဲတော်

တောင်ကြီးမြို့မှာ ဒီနှစ်ကျင်းပမယ့် မဟာသင်္ကြန်ပွဲတော်မှာလည်း လမ်းလျှောက်သင်္ကြန်ကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းကျင်းပဖို့ စီစဉ်ထားပါတယ်။  ဒီလမ်းလျှောက် သင်္ကြန်ကို ဗိုလ်ချုပ်လမ်း မြန်မာ့စီးပွားရေး ဘဏ်ကစတင်ပြီး မြို့အလယ်ဝေယံစတိုးအထိ ကျင်းပသွားမှာပါ။

တောင်ကြီးမြို့သင်္ကြန်ကို သင်္ကြန်ကိုအရင်နှစ်ထက် စည်စည်ကားကားလေး ဖြစ်ဖို့နဲ့ ရေကစားတဲ့လူကြီး၊ လူငယ်တွေအားလုံးပျော်ပျော်ပါးပါး အန္တရာယ်လည်းကင်းအောင် လမ်းလျှောက်သင်္ကြန်ကို ကျင်းပတာလို့ ဆိုပါတယ်။

လမ်းလျှောက်သင်္ကြန်အပြင် ဗဟိုမဏ္ဍပ်၊ ရေပက်မဏ္ဍပ်၊ စတုဒိသာမဏ္ဍပ်များ၊ အစိုးရဌာနဆိုင်ရာဝန်ထမ်းမိသားစုတွေရဲ့ မဏ္ဍပ်များပါ ထည့်သွင်းကျင်းပ ဖို့ စီစဉ်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD